October 10, 2024

၁၀.၁၀. ၂၀၂၄
Written by Shwe Phyo

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် ရင်ဆိုင်နိုင်ရန်အတွက် နျူကလီးယားရေငုပ်သင်္ဘောနှစ်စီးကို တည်ဆောက်သွားမည်ဖြစ်သလို အမေရိကန်နိုင်ငံထံမှလည်း MQ-9B အမျိုးအစားဒရုန်းများကို ဝယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းတွင် တည်ဆောက်ထားသည့် စစ်သင်္ဘောများသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နိုင်ငံရေပိုင်နက်အများစုကို စောင့်ကြည့်ရန်အတွက် နိုင်ငံ၏စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါကိစ္စနှင့်နီးစပ်သော အိန္ဒိယစစ်တပ်အကြီးတန်းအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောနှစ်စီးကို ကိုယ်ပိုင်တည်ဆောက်သွားမည်ဖြစ်သလို အမေရိကန်နိုင်ငံထုတ်တာဝေးပျံသန်းနိုင်စွမ်းရှိသည့် MQ-9B အမျိုးအစားဒရုန်း ၃၁ စင်းကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်းအကုန်ခံကာ ဝယ်ယူသွားဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဝန်ကြီးချုပ်မိုဒီဦးဆောင်သော အိန္ဒိယ အစိုးရအဖွဲ့လုံခြုံရေးကော်မတီသည် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဆောက်လုပ်ရေးနှင့် ဒရုန်းများဝယ်ယူရေးကို အောက်တိုဘာ ၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ထို့အတူ သမားရိုးကျလက်နက်များတပ်ဆင်မည့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောနှစ်စီးကို ပြည်တွင်းသင်္ဘောကျင်းတွင် ပထမဆုံးအကြိမ်တည်ဆောက်မည်ဖြစ်ပြီး နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘာသည် စွမ်းရည်ပိုင်းတွင် ဒီဇယ်စွမ်းအင်သုံးရေငုပ်သင်္ဘောထက် ပိုမိုကောင်းမွန်မည်ဖြစ်သလို ပိုမိုလျင်မြန်စွာ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အသစ်တည်ဆောက်မည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသည် ဒီဇယ်စွမ်းအင်သုံးရေငုပ်သင်္ဘောထက် စစ်လက်နက်ပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ ပိုမိုများပြားစွာတည်ဆောက်နိုင်မည်ဖြစ်သလို
အရွယ်အစားပိုမိုကြီးမားမည်ဖြစ်ကာ ရေအောက်တွင်အချိန်တော်တော်ကြာ နေနိုင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ သြစတြေးလျနိုင်ငံသည် ဗြိတိန်၊ အမေရိကန်နိုင်ငံတို့နှင့် ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတည်ဆောက်ရန် စီစဉ်နေသည်။

လက်ရှိအချိန်အထိ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောကို ပိုင်ဆိုင်အသုံးပြုနေသည့်နိုင်ငံ အနည်းငယ်သာရှိသေးပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နှင့်ရုရှားနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ဒေသအတွင်းတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ထိန်းသိမ်းရန် ရည်ရွယ်ဖွဲ့စည်းထားသည့် Quad အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ယင်းအဖွဲ့တွင် ဒီမိုကရေစီနိုင်ငံများဖြစ်သော အမေရိကန်၊ သြစတြေးလျ ၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်းပါဝင်နေကြောင်း သိရသည်။

REF, south china morning post

Leave a Reply

Your email address will not be published. Required fields are marked *