October 10, 2024

၁၀.၁၀. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ရန် မဲအများဆုံး​ပေးရွေးချယ်ခံလိုက်ရကြောင်း သိရသည်။

အဆိုပါရွေးချယ်ခံရမှုကြောင့် ထိုင်းနိုင်ငံသည်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်ပြီး လူအခွင့်အရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် သုံးနှစ်သက်တမ်း စတင် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်မှုကို အောက်တိုဘာ ၉ ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံ ပူးပေါင်းပါဝင်မည့် လူအခွင့်အရေးကောင်စီအတွက် လစ်လပ်လျက်ရှိနေသည့် အဖွဲ့ဝင်နိုင်ငံ ၁၈ နိုင်ငံကို မဲပေးရွေးချယ်ခဲ့ရာမှ ထိုင်းနိုင်ငံက ရွေးချယ်ခံရခြင်းဖြစ်သည်။

အဆိုပါ လစ်လပ်လျက်ရှိနေသည့် အဖွဲ့ဝင်နိုင်ငံနေရာအတွက် လျှောက်ထားသည့်နိုင်ငံပေါင်း ၁၉ နိုင်ငံရှိနေပြီး မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများရှိနေသည်ဟု ဝေဖန်ခံရသော်လည်း မဲပေးရွေးချယ်ချိန်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အံအားသင့်ဖွယ်မရှိ ရွေးချယ်ခံလိုက်ရကြောင်း သိရသည်။ မဲပေးရွေးချယ်ရာတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၏ ထောက်ခံမှုကိုရရှိခဲ့ပြီး ထောက်ခံမဲအများဆုံးရရှိခဲ့သောနိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။

သို့သော် လူအခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု ဝေဖန်ပြစ်တင်ခံနေရသည့် ဆော်ဒီအာရေဗျနိုင်ငံကမူထောက်ခံမဲ ၁၁၇ မဲသာရရှိခဲ့ပြီး လူအခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဖယ်ရှားခံလိုက်ရကြောင်း သိရသည်။

ထို့အတူ ဆွတ်ဇာလန်၊ တောင်ကိုရီးယား၊ အီသီယိုပီးယားနိုင်ငံတို့သည် ဂျနီဖာအခြေစိုက် ကုလသမဂ္ဂအခြေစိုက် လူအခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။ အလားတူ တရုတ်နှင့် ကျူးဘားနိုင်ငံတို့သည်လည်း ပြီးခဲ့သောနှစ်တွင် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအဖြစ် ပြန်လည်ရွေးချယ်ခံရပြီး ဗင်နီဇွဲလားနှင့် ရုရှားနိုင်ငံတို့လည်း လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအဖြစ် ရွေးချယ်ခံထားရကာ သုံးနှစ်သက်တမ်း တာဝန်ယူခွင့်ရနေကြောင်း သိရသည်။

REF, bangkokpost

Leave a Reply

Your email address will not be published. Required fields are marked *