October 10, 2024

MT News
၁၀.၁၀. ၂၀၂၄

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြိုနယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့ပြီး လူပေါင်း ၅၄၁ ဦးကို ရက် ၉၀ ကြာ စာသင်ပေးသွားမည်ဟု သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းကို အမျိုးသားရေးအသွင်လုပ်ဆောင်နိုင်ရေး၊ ဒေသတွင်း အခြေခံစာတတ်မြောက်မှုနှုန်း တိုးတက်လာနိုင်ရေးနှင့် လူမှုဘဝမြင့်မားလာစေရန်ရည်ရွယ်ပြီး လုပ်ဆောင်နေကာ သင်ကြားရေးကာလ ရက်ပေါင်း ၉၀ ဖြစ်ပြီး မြို့နယ် ရှစ်မြို့နယ်မှ စာရင်းပေးသွင်းထားသည့် သင်ယူလိုသူ ၅၄၁ ဦးကို အခြေခံပညာအထက်တန်းအဆင့်နှင့်အထက်ရှိသူ ဒေသန္တရစေတနာလုပ်အားပေး နည်းပြ ၉၄ ဦးနှင့် ကြီးကြပ် ၁၃ ဦးတို့က စာသင်ဝိုင်း ၄၇ ဝိုင်းဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်ကြားမည့်အစီအစဥ်များမှာ လယ်ဝေးခရိုင်တွင် စာသင်သား ၁၅၆ ဦး၊ နည်းပြ ၂၈ ဦး၊ ကြီးကြပ် သုံးဦး၊ စာသင်ဝိုင်း ၁၄ ဝိုင်းဖြင့်လည်းကောင်း၊ ပျဉ်းမနားခရိုင်တွင် စာသင်သား ၆၉ ဦး၊ နည်းပြ ၁၀ ဦး၊ ကြီးကြပ် ငါးဦး၊ စာသင်ဝိုင်း ငါးဝိုင်းဖြင့်လည်းကောင်း၊ ဇေယျာသီရိခရိုင်တွင် စာသင်သား ၉၂ ဦး၊ နည်းပြ ၁၆ ဦး၊ ကြီးကြပ် နှစ်ဦး၊ စာသင်ဝိုင်း ရှစ်ဝိုင်းဖြင့်လည်းကောင်း၊ ဥတ္တရခရိုင်တွင် စာသင်သား ၂၂၄ ဦး၊ နည်းပြ ၄၀၊ ကြီးကြပ် သုံးဦး၊ စာသင်ဝိုင်း ၂၀ ဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်း အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် ၄ ဒသမ ၁ သန်းခန့်ရှိကြောင်းနှင့် လက်ရှိ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများမှာ ထို စာမတတ်မြောက်သူများ၏ အကျိုးဆက်ဟုလည်း SAC ဒုဥက္ကဋ္ဌ ပြောကြားထားကာ အဆိုပါ စာမတတ်မြောက်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ယမန်နှစ် ဩဂုတ် ၃၀ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၄/၂၀၂၃)တွင် ကျေးလက်နေပြည်သူများ အပါအဝင် ဒေသခံတိုင်းရင်းသားများ၏ စာတတ်မြောက်မှုနှင့် အတန်းပညာ တတ်မြောက်မှု အားနည်းသည်ကို တွေ့ရှိရသည့်အတွက် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး “ ဝ၊ ထ၊ က၊ လ ၊သ”စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရန် ညွှန်ကြားထားသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *