October 10, 2024

၁၀.၁၀. ၂၀၂၄
Written by Nay Moe

KNU နှင့် PDF များ တိုက်ခိုက်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် နှစ်ရက်အတွင်း အမျိုးသမီးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့် ဇနီးမောင်နှံနှစ်ဦးသေဆုံးသည့်အပြင် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကရင်နီကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးမျိုးမင်း(၅၀)နှစ်၊ တစ်ရွာတည်းနေ ဦးစိုးနိုင်(၅၀)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်ဇင်မာထွေး(၅၀)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား ၁၅ ဦးခန့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍ ကရင်နီကုန်းကျေးရွာထိပ်အရောက် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေကျင်မြို့နယ်၊ ရှမ်းကုန်းရပ်ကွက်နေ ဦးအောင်ကျော်မိုး(၄၂)နှစ်သည် ကွမ်းဆိပ်ကျေးရွာမှ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ကျုံချောင်ကျေးရွာအနီးအရောက် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ကလည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းကုန်းကျေးရွာသို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drone ယာဉ်အသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်မွန်လေး(၄၀)နှစ်၊ မမိုးမြင့်စံ(၁၁)နှစ်နှင့် မောင်ဟိန်းချစ်(၃)နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များအပြင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင်လည်း ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ မချစ်သဲဝေ(ခ)ဂျက်မ(၂၈)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *