October 10, 2024

၁၀.၁၀. ၂၀၂၄
Written by Shwe Phyo

ထိုင်းနိုင်ငံ ပတန်တာနီပြည်နယ်တွင် အောက်တိုဘာ ၉ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မိုးကြိုးပစ်ခြင်းများဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား ဆောက်လုပ်ရေးအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုးကြိုးပစ်မှုများဖြစ်ပွားနေချိန်တွင် မြန်မာနိုင်ငံသား ဆောက်လုပ်ရေးအလုပ်သမားနှင့် အခြားသူငယ်ချင်းလေးဦးသည် အိမ်ရာစီမံကိန်းတစ်ခုတွင် အလုပ်လုပ်နေခဲ့ပြီး အသက် ၄၂ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်း ပတန်တာနီပြည်နယ် Suan Phrik Thai ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

လျှပ်စီးများလက်ကာ မိုးကြိုးပစ်ခံရမှုကြောင့် လူသေဆုံးမှုများရှိသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ဆရာဝန်များသည် မိုးကြိုးပစ်မှုဖြစ်ပွားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားရောက် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကို သေဆုံးလျက်တွေ့မြင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အသက် ၃၀ အရွယ်ရှိ ထိုင်းနိုင်ငံသား ဆူတီဒက်က ကြီးကြပ်နေကြောင်း၊ အိမ်ယာစီမံကိန်းအတွင်း ကွန်ကရစ်လောင်းနေချိန်အတွင်း မိုးကြိုးပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အခြားအလုပ်သမားလေးဦးသည် အမိုးအကာအတွင်း ဝင်ရောက်ခဲ့သော်လည်း သေဆုံးခဲ့သော မြန်မာနိုင်ငံသားသည် မိုးရွာနေချိန်တွင်ဖျော်စပ်ထားသည့် ဘိလပ်မြေများ ယူဆောင်နေချိန် မိုးကြိုးပစ်ခံလိုက်ရခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် သေဆုံးခဲ့သော မြန်မာနိုင်ငံသား၏ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးစစ်ချက်များယူဆောင်မည်ဖြစ်ကာ မိသားစုထံလွှဲပြောင်းမပေးခင် လိုအပ်သော စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်မည်ဟုထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

REF , Thailandnews

Leave a Reply

Your email address will not be published. Required fields are marked *