October 10, 2024

၁၀.၁၀. ၂၀၂၄
Written by Shwe Phyo

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့သည် မြန်မာအစိုးရက အကြမ်းဖက်အဖြစ် တစ်ကျော့ပြန် သတ်မှတ်ထားသော ရခိုင်လက်နက်ကိုင် AA က ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားငါးဦးကို ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးသည် နတ်မြစ်အတွင်း ငါးဖမ်းနေချိန်တွင် AA အဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ မှ ဒုတိယဗိုလ်မှူးကြီးမိုဟူဒင်အာမက်က “ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဟာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားငါးဦးကို ဒီနေ့မှာပဲ ပြန်လွှဲပေးခဲ့တယ်”ဟု ပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦးထဲတွင် တစ်ဦးက ကော့ဘဇားဒေသတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အခြားလေးဦးက ဂျာလီယာပါရာ ရွာအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ အသက် ၁၇ နှစ်နှင့် ၂၄ နှစ်အရွယ်ကြားရှိကြောင်း သိရသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ ၇ ရက်နေ့တွင် နတ်မြစ်အတွင်း ငါးဖမ်းရန်ထွက်လာခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ AA အဖွဲ့ပြောဆိုမှုအရ တရားမဝင်ငါးဖမ်းရန် ကြိုးပမ်းမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားများသည် နတ်မြစ်အတွင်း မကြာခဏ လျှို့ဝှက်ငါးဖမ်းခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကလည်း တရားမဝင်ငါးဖမ်းမှုများနှင့်ပတ်သက်ပြီး ဂရုစိုက်၊ သတိထားရန် တောင်းဆိုထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ရခိုင်လက်နက် ကိုင်အဖွဲ့ AA က ပြည်နယ်အတွင်းရှိ မြို့အများစုအပြင် ချင်းပြည်နယ်ရှိ မြို့အချို့ကိုလည်း ထိန်းချုပ်ထားကြောင်း သိရသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ဒေသခံများကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အောက်တိုဘာလအစောပိုင်းတွင် ချင်းလူမျိုးအဖွဲ့စည်းများ၏ ဝေဖန်ပြစ်တင်ခြင်းကို ရင်ဆိုင်နေရကြောင်း သိရသည်။

REF, bssnews

Leave a Reply

Your email address will not be published. Required fields are marked *