October 10, 2024

၁၀.၁၀. ၂၀၂၄
Written by Shwe Phyo

လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည့်နိုင်ငံများ၏ ခေါင်းဆောင်များက မြန်မာနိုင်ငံတွင် သွေးထွက်သံယိုဖြစ်ပွားစေသည့် ပြည်တွင်းစစ်ကိုအဆုံးသတ်ပြီး အခက်အခဲပြဿနာများကို သံတမန်ရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန် မြန်မာအစိုးရအပြင် အတိုက်အခံလက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

အာဆီယံအဖွဲ့ခေါင်းဆောင်များသည် အစည်းအဝေးကိုတက်ရောက်လာခဲ့သော မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဖြစ်လာခဲ့သောတိုက်ပွဲများကြောင့် လူပေါင်း ထောင်နှင့်ချီသေဆုံးခဲ့ရကြောင်း သိရသည်။

အာဆီယံအဖွဲ့ခေါင်းဆောင်များက “မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး ထိရောက်တဲ့ ဆောင်ရွက်မှုမျိုး လုပ်ဆောင်ရမှာဖြစ်တယ်။ အရပ်သားတွေကို တိုက်ခိုက်နေတာတွေကို ပြစ်တင်ရှုတ်ချတယ်” ထိပ်သီးအစည်းအဝေး ပူးတွဲထုတ်ပြန်ချက်မူကြမ်းထဲတွင် ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ်တွင် ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးအတွင်း SAC အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာဆီယံသဘောတူညီချက်ငါးချက် ရယူနိုင်ပြီးနောက်ပိုင်း သုံးနှစ်ကျော်ကာလအတွင်း တိုးတက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။ အာဆီယံအဖွဲ့ခေါင်းဆောင်များက အာဆီယံသဘောတူညီချက်ငါးချက်သည် မြန်မာ့အရေးကို ဆွေးနွေးဖြေရှင်းနိုင်ရန်ကြိုးပမ်းရာတွင် အဓိက ရည်ညွန်းစရာအဖြစ် ဆက်ရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

REF, trtworld

Leave a Reply

Your email address will not be published. Required fields are marked *