October 10, 2024

၁၀.၁၀. ၂၀၂၄
Written by Shwe Phyo

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်ကိုစ့် ဂျူနီယာက အာဆီယံအဖွဲ့အနေဖြင့် မြန်မာအရေးကို အဆုံးသတ်နိုင်ရန်အတွက် နည်းဗျူဟာအသစ်များ ချမှတ်လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများ အဆုံးသတ်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများဖြစ်လာစေရန် ကြိုးပမ်းနေကြောင်း သိရသည်။

သို့သော်လည်း ဖိလစ်ပိုင်သမ္မတက “မြန်မာ့အရေးကို အဖြေရှာနိုင်အောင် အာဆီယံသဘောတူညီချက်ငါးချက် သတ်မှတ်ထားပေမယ့် အခြေအနေတွေ အမှန်တကယ် ပြောင်းလဲလာတဲ့အထိ အောင်မြင်မရသေးဘူး။ ကျွန်တော်တို့ဟာ မြန်မာ့အရေးကို ဖြေရှင်းနိုင်အောင် ဆက်လက်ကြိုးပမ်းဖို့ နည်းဗျူဟာအသစ်တွေ ချမှတ်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ နည်းဗျူဟာအသစ်တွေကို လက်ရှိအချိန်အထိ လုပ်ကိုင်နိုင်ခြင်းမရှိသေးဘူး။ ကျွန်တော်တို့ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ခေါင်းဆောင်တွေကြား သဘောတူညီထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကို အခိုင်အမာထောက်ခံသွားမယ်။ ဒါ့ပြင် မြန်မာအရေးကို ဆက်လက်အဖြေရှာကြိုးပမ်းမှုအဖြစ် အခြားနည်းလမ်းတွေကို ရှာဖွေကြိုးပမ်းမယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ်တွင် ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးအတွင်း SAC အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာဆီယံသဘောတူညီချက်ငါးချက်ထဲတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးရန်၊ အာဆီယံအထူးကိုယ်စားလှယ်မှ ကြားဝင်စေ့စပ်ဆွေးနွေးရန်၊ ပဋိပက္ခတွင်ပါဝင်နေသည့်သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် အာဆီယံအထူးကိုယ်စားလှယ်မြန်မာနိုင်ငံသို့ လာရောက်ရန်၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရန် စသည့်အချက်များ ပါဝင်ခဲ့ကြောင်း သိရသည်။

REF ,news.abs-cbn

Leave a Reply

Your email address will not be published. Required fields are marked *