October 10, 2024

၁၀.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် စက်တင်ဘာလ ၂၆ ရက်က ဟာရီကိန်းမုန်တိုင်း ဟယ်လင် ဝင်ရောက်တိုက်ခတ်မှုကိုခံခဲ့ရ၍ နှစ်ပတ်ခန့်သာ ရှိသေးသည့် အောက်တိုဘာလ ၉ ရက် ညပိုင်း(မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်း)တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၀၀(၁၆၀ ကီလိုမီတာ) နှုန်းခန့်ရှိသည့် ဟာရီကိန်းမီလ်တန်၏ဝင်ရောက်တိုက်ခတ်မှုကို ထပ်မံခံနေရကြောင်း သိရသည်။

ပင်လယ်ပြင်အတွင်း ကမ်းရိုးတန်းသို့ချဉ်းကပ်လာစဉ်က လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၁၆၀ နှုန်းအထိ ပြင်းထန်သော ဟာရီကိန်းမီလ်တန်ကြောင့် ဖလော်ရီဒါပြည်နယ်အတွင်း မုန်တိုင်းလမ်းကြောင်းပေါ်ရှိ ပြည်သူအများစုမှာ မြောက်ဘက်ဆီသို့ ရွှေ့ပြောင်းထွက်ပြေးကုန်ကြကြောင်းလည်းသတင်းများက ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း ဖလော်ရီဒါပြည်နယ်သို့ တတိယမြောက်ဝင်ရောက်သော ဟာရီကိန်းမုန်တိုင်းလည်းဖြစ်သည့် မီလ်တန် ကြောင့် ပြည်နယ်အတွင်း လူနှစ်သန်းခန့် လျှပ်စစ်မီးပြတ်တောက်လျက်ရှိပြီး မုန်တိုင်းက တမ်ပါမြို့တောင်ဘက် မိုင် ၇၀ အကွာ ဆာရာဆိုတာမြို့အနီးတွင် ကုန်းတွင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းလမ်းကြောင်းအနီးရှိ စိန့်ပီတာစဘတ်မြို့တွင် မိုးရေချိန် ၁၆ လက်မ အထိရှိပြီး မြို့အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိ မိုးပျံဝန်ချီစက်တစ်ခု အောက်တိုဘာလ ၉ ရက်ညက ပြိုလဲခဲ့သည်ဟုလည်း သိရသည်။ သို့သော် ထိခိုက်ဒဏ်ရာရသူရှိမရှိ မသိရသေး‌ပေ။

ကုန်းတွင်းဝင်ရောက်ပြီးနောက် ဟာရီကိန်းမီလ်တန်က အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေ‌ဆဲဖြစ်ပြီး ထိခိုက်ပျက်စီးမှု များကို အတိအကျ မသိရသေးကြောင်းလည်း သိရသည်။။ ၎င်းက ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ငါးခုမြောက်ကုန်းတွင်းဝင်ရောက်သည့် ဟာရီကိန်းမုန်တိုင်းလည်းဖြစ်သည်။

Ref- AP, CNN

Leave a Reply

Your email address will not be published. Required fields are marked *