October 10, 2024

၁၀.၁ဝ.‌၂၀၂၄
Written by K Pyay Thein

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ မြဝတီ- ကော့ကရိတ် ဒေါနတောင်ကျော် လမ်းဟောင်းမှာ လူစီးယာဉ် အပါအဝင် ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်တွေကို လမ်းကြေးနဲ့ မြို့ဝင်​ကြေးတွေ အခုနှစ်ဇွန်လက စတင်လို့ တိုးမြင့်​ကောက်ခံလာပြီး​နောက်မှာ ခရီးသည်တင် ယာဥ်စီးခနှုန်းထားတွေ ဒီနေ့ကာလအထိ အဆမတန် မြှင့်တက်လာနေတယ်လို့ မြဝတီမြို့​‌ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်-မြဝတီကားခက ခရီးသည်တစ်ဦး ငွေကျပ် ၁၅ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝဝ အထိ ပေါက်ဈေးရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

“​ဒေါန​တောင်​ကျော်လမ်း​ဟောင်းက ကုန်စည်ပို့​ဆောင်​ရေး ​မော်​တော်ယာဥ်ဖြတ်သန်းခ​ မြို့ဝင်​ကြေး တိုးမြှင့်​ကောက်ခံလာတယ်။ အဲဒီ​နောက်မှာ ခရီးသည်တင် ​မော်​တော်ယာဥ်​တွေကလည်း ယာဥ်စီးခ​တွေ အဆမတန် တိုးမြင့်​တောင်းခံလာကြတယ်။ ရန်ကုန်က​နေ မြဝတီလာတာ ယာဥ်စီးခ ကျပ် ၂၂၀၀၀၀ ကုန်ကျခဲ့ပါတယ်။ အရင်ကဆို ၁၃၀၀၀၀ ပဲ ​ပေးရတာပါ။ ဒီအတိုင်းဆိုရင် ရန်ကုန်ပြန်လာဖို့ မလွယ်​တော့ပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ မြဝတီ – ​ကောကရိတ် ဒေါနတောင်ကျော်လမ်း​ဟောင်းမှာ ကုန်တင်ယာဉ်တွေလည်း မြို့ဝင်​ကြေး၊ ဂိတ်ကြေးကုန်ကျစရိတ် သိန်းဆယ်ဂဏန်းအထက်ရှိ​နေ​တယ်လို့ ကုန်တင်ယာဥ်​မောင်းတွေက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ မြဝတီ – ရန်ကုန် ခရီးသည်တင် ပို့ဆောင်ရေးမော်တော်ယာဉ်ဂိတ် အချို့လည်း ပိတ်ထားဆဲဖြစ်​ပါတယ်။

“ဘားအံ-မြဝတီလမ်း လက်ရှိအခြေနေက တချို့နေရာတွေ အရမ်းဆိုးလွန်းတယ်။ ရန်ကုန်ကနေ မြဝတီရောက်တဲ့အထိ အစစ်အဆေး အရမ်းများပါတယ်။ ၁၃/မှတ်ပုံတင်ကိုင်ထားတဲ့သူတွေနဲ့ တရုတ်တွေကို သွားလာခွင့်ပိတ်ထားတယ်လို့လည်း ကြားရပါတယ်။ တချို့နေရာတွေမှာတော့ တောင်းကြေးက အတော်လေးကြမ်းတယ်”လို့ အမည်မဖော်လိုသူ ခရီးသွားတစ်ဦးက ပြောပြပါတယ်။

ထို့ကော်ကိုး-မြဝတီလမ်းမှာ ဇွန်လ ၁ ရက်နေ့ကစလို့ ယာဉ်ဖြတ်သန်းခ တိုးမြင့်ကောက်ခံလျက်ရှိရာမှာ ကားသေးအိမ်စီးကားအတွက် လိုင်စင်ကားအဖွဲ့စုံဂိတ်မှာ တစ်စီး ၃၀၀၀၀ ကျပ်၊ လတ်မှတ်ဂိတ်မှာ ၃၀၀၀၀ ကျပ်၊ လိုင်စင်မဲ့ကားအဖွဲ့စုံဂိတ်မှာ ၅၀၀၀၀ ကျပ်၊ လက်မှတ်ဂိတ်မှာ ၅၀၀၀၀ ကျပ် ပေးဆောင်နေရတယ်လို့ ဒေသခံကားဆရာတွေက ပြောပါတယ်။

“ကားလတ် Voxy , Starex , အံစာတုန်းဆို ကုန်နဲ့ လူဦးရေပေါ်မူတည်ပြီး ဈေးနူန်းသတ်မှတ်ထားတယ်။ လိုင်စင်ကားက အဖွဲ့စုံဂိတ်ဆို ၁၀၀၀၀၀ ကနေ ၂၀၀၀၀၀ ၊ လက်မှတ်ဂိတ်ဆို ၅၀၀၀၀ က‌နေ ၈၀၀၀၀ ၊ လိုင်စင်မဲ့ကားက အဖွဲ့စုံဂိတ်ဆို ၁၅၀၀၀၀ ကနေ ၃၀၀၀၀၀ အထိဈေးရှိပါတယ်။ လက်မှတ်ဂိတ်ဆို ၅၀၀၀၀ ကနေ ၁၀၀၀၀၀ ပေးရပါတယ်။ ကားကြီးဆို ( ၁၈ ပေ၊ ၁၄ ပေ၊ ၁၀ ပေ Light Truck, Hijet )ကုန်နဲ့ လူဦးရေပေါ်မူတည်ပြီးတော့ ဈေးနူန်းသတ်မှတ်ထားတယ်။ အဲ့ဒီ ဂိတ်ကြေးက နှစ်သိန်းကနေ လေးသိန်းလောက်အထိရှိနေတယ်။ ဒါကလမ်းမှာပေးရတဲ့ ဂိတ်စခန်းငယ်ကြေး‌တွေမပါသေးပါဘူး”လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအေးဂျင့် တစ်ဦးက ပြောပြခဲ့ပါတယ်။

ISP Myanmar ကတော့ မကြာသေးမီရက်ပိုင်းအတွင်းက ဒီ မြဝတီဘက်သွားရာ ဒေါနတောင်ဖြတ် တောလမ်းတွေကို ထိန်းချုပ်ထားတဲ့ KNU / KNLA အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့တွေက ဆက်ကြေး/ လမ်းကြေးကောက်ခံမှုတွေကတစ်ဆင့် တစ်လပျမ်းမျှ မြန်မာကျပ်ငွေ သိန်းပေါင်းလေးသောင်းဝန်းကျင်အထိ ရရှိ‌နေတယ်လို့ ထုတ်ဖော်ရေးသားဖော်ပြထားပါတယ်။

Photo – CJ

#မြဝတီ #ကားခနှုန်းထား #ဒေါနတောင်ဖြတ်ကျော်လမ်း #လမ်းကြေး #တံတားကြေး #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *