October 10, 2024

၁၀. ၁၀. ၂၀၂၄
Written by Thettant

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး အသင်း (BANCA) ဟာ မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာအုပ်စု၊ ကျွန်းသာယာအပြင်သောင်မှာ ဧရာဝတီလင်းပိုင် သားအမိနှစ်ကောင်ကို စတင်တွေ့ရှိခဲ့ရပြီး ရေနက်ရာရွှေ့ပြောင်းပေးတဲ့ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

ရေတိမ်ပိုင်းရောက်လာတဲ့ လင်းပိုင်သားအမိကို အောက်တိုဘာ ၅ ရက် ညနေ ၄ နာရီကျော်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဧရာဝတီလင်းပိုင်အမကြီးဟာ အလျား ၅ ပေ ၆ လက်မ ခန့်ရှိပြီး သူ့ရဲ့ ကလေးငယ်က ၂ ပေနဲ့ ၅ လက်မခန့်ရှိတယ်လို့သိရပြီး ရေတိမ်ပိုင်းကိုရောက်ရှိနေတဲ့ ဧရာဝတီ လင်းပိုင် သားအမိကို ရေနက်ပြီး ဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ BANCA ရဲ့မနေ့ကည ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဧရာဝတီ လင်းပိုင်သားအမိကို မုသင်ကျေးရွာ ဒေသခံထိန်းသိမ်းရေးအဖွဲ့ဝင်တွေ၊ မွန်ပြည်နယ်ရေလုပ်သားအဖွဲ့ဝင်တွေက လှေနဲ့တင်ဆောင်ပြီး ရေကြောင်းနက်တဲ့နေရာကိုရွေးချယ် ရွှေ့ပြောင်းကာ ပြန်လည်လွှတ်ပေး ခဲ့ရတာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဧရာဝတီလင်းပိုင်မျိုးစိတ်ဟာ မုတ္တမပင်လယ်ကွေ့ အရှေ့ဘက်ကမ်း (မွန်ပြည်နယ် )၊ မုတ္တမပင်လယ်ကွေ့ အနောက်ဘက်ကမ်း (ပဲခူးတိုင်း + ရန်ကုန်တိုင်း) မှာ လှည့်လည်ကျက်စားတတ်တဲ့ ပင်လယ်နေ နို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာ အကောင်ရေ ရာဂဏာန်းအောက်သာ ကျန်ရှိတော့တဲ့ အရေးကြီး ထိန်းသိမ်းရမယ် မျိုးစိတ်ဖြစ်ပါတယ်။

မုတ္တမမပင်လယ်ကွေ့ အတွင်းမှာလည်း ထူးခြားတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ မှီတည်ပေါက်ဖွားလျှက်ရှိနေတာကြောင့် မုတ္တမပင်လယ်ကွေ့ကို ၂၀၁၇ ခုနှစ် မေလ ၁၀ ရက်နေ့မှာ ကမ္ဘာ့အသိအမှတ်ပြု ရေဝပ်‌ဒေသ ရမ်ဆာဆိုတ်အဖြစ် အသိအမှတ်ပြု ခံခဲ့ရပြီး ရမ်ဆာစံနှုန်း ၉ ချက်ရှိတဲ့အနက် ၆ ချက်နဲ့ကိုက်ညီနေတဲ့ အလွန်ကောင်းမွန်တဲ့ ရေဝပ်ဒေသတစ်ခု ဖြစ်ပါတယ်။

Photo – BANCA

Leave a Reply

Your email address will not be published. Required fields are marked *