October 9, 2024

၉.၁၀. ၂၀၂၄
Written by Shwe Phyo

ထိုင်းဝန်ကြီးချုပ် ပီတွန်တန် ရှင်နာဝါထရာက မြန်မာနိုင်ငံတွင် လာမည့်နှစ်အတွင်း ကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းဝန်ကြီးချုပ်သည် လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်လာချိန်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်က ” မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲကျင်းပဖို့ ဆက်လက်ကြိုးပမ်းနေတဲ့အတွက် ပါတီအဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရမှာဖြစ်တယ်”ဟု ပြောသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ် ပီတွန်တန်ရှင်နာဝါထရာသည် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးချိန်တွင်လည်း အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို စစ်ရေးနည်းလမ်းဖြင့် အဖြေမရှာရန်နှင့် စုစည်းညီညွတ်သော တောင်းဆိုခြင်းများ လုပ်ဆောင်သင့်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးရမည့်အချိန်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲမတိုင်ခင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းတောင်းဆိုထားသည်။

ယင်းအ​ပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆို ခွင့်ရှိသူတစ်ဦးဖြစ်သော နီကွန်ဒီကလည်း ” မြန်မာ့အရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးသင့်တယ်။ ကျွန်တော်တို့အားလုံးဟာ အဲဒီ တွေ့ဆုံဆွေးနွေးမှုကို အားပေးရမယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်အတိုင်း လုပ်ဆောင်သွားမယ်” ဟုပြောသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ် ပီတွန်တန်ရှင်နာဝါထရာကလည်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုများကို အထောက်အကူဖြစ်စေရန်တွက် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် လာမည့်နှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို အမေရိကန်အပါအဝင် နိုင်ငံအချို့က ဝေဖန်ပြစ်တင်နေသော်လည်း ထိုင်းနိုင်ငံက ရွေးကောက်ပွဲကို အားပေးထောက်ခံရန် အရိပ်အမြွက်ပြောဆိုခဲ့ခြင်းဖြစ်သည်။

REF, Reuters

Leave a Reply

Your email address will not be published. Required fields are marked *