October 9, 2024

၉. ၁၀. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်သည့် အထိမ်းအမှတ်အနေဖြင့် တည်ဆောက်မည့် စာဆိုဗိမာန်အဆောက်အဦ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းရှိမြေနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

အဆောက်အဦများအား စနစ်တကျတည်ဆောက်သွားရန်နှင့် ရှေးစာဆိုတော်ကြီးများ၏ ခေတ်အလိုက် ပန်းချီများ၊ ဓာတ်ပုံများ၊ ရုပ်တုများကို ကြိုတင်၍ ရနိုင်သလောက် စုဆောင်းထားရှိရန်လိုကြောင်း၊ ဂီတစာဆိုတော်ကြီးများ၏ မှတ်တမ်းများနှင့်ပတ်သက်၍လည်း ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ကို ဆောင်ရွက်ရာတွင်လည်း စာပေများကိုဖတ်ရှုနိုင်ရန်အတွက် စာဖတ်ခန်းများကို အဓိကထည့်သွင်း၍ စနစ်တကျဖြင့်ထားရှိသွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အဆိုပါ စာဆိုဗိမာန်အဆောက်အဦကို အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့် သုံးထပ်အဆောက်အဦအဖြစ်တည် ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာဆောင်ရွက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ သမိုင်းဝင်ဂီတအနုပညာများ ခင်းကျင်းပြသမည့် ပြခန်းများ ထည့်သွင်းထားရှိသွားမည်ဖြစ်သည်။

အလားတူ ပေပုရပိုက်များ ခင်းကျင်းပြသမည့် ပြခန်းများ၊ သမိုင်းဝင်ကဗျာများ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာပေဆုရခဲ့ဖူးသော စာအုပ်စာပေများ ခင်းကျင်းပြသမည့်ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်စာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများလည်း ပါရှိမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *