October 9, 2024

၉. ၁၀. ၂၀၂၄
Written by Nyein Kyaw

ရေဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် တတိယအကြိမ်အလှူငွေ ကျပ် ၁၁ ဒသမ ၉၇ ဘီလျံရရှိခဲ့သဖြင့် စုစုပေါင်းအလှူ ကျပ်ဘီလျံ ၅၀ ကျော်ရရှိထားပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ တတိယအကြိမ်ပေးအပ်လှူဒါန်းပွဲတွင် ပြောကြားခဲ့သည်။

အလှူငွေပေးအပ်ပွဲများ ဆောင်ရွက်ခဲ့ရာတွင် ပထမအကြိမ်တွင် ကျပ် ၃၂ ဘီလျံကျော်ရရှိခဲ့ပြီး ဒုတိယအကြိမ်တွင် ကျပ် ၁၀ ဘီလျံကျော်ရရှိခဲ့ကြောင်း စေတနာရှင်အလှူရှင်များအနေဖြင့်လည်း အခက်အခဲများကြားမှ လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ထင်မှတ်မထားလောက်သည့် များပြားသော အလှူငွေပမာဏများဖြစ်ကြောင်း၊ ယနေ့တွင် ပြုလုပ်သည့် တတိယအကြိမ် အလှူငွေပေးအပ်ပွဲသို့ စိတ်စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် လာရောက်လှူဒါန်းပေးကြသည့်အတွက်လည်း စေတနာရှင်အလှူရှင်များအားလုံးကို နိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ရေဘေးသင့်ခဲ့ရသည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အလှူရှင်များအနေဖြင့်လည်း ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပါဝင်လှူဒါန်းပေးခြင်းကြောင့် လုပ်ငန်းများ ပိုမိုမြန်ဆန်စွာဖြင့် ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ‌ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေစုစုပေါင်းမှာ ကျပ်ဘီလျံ ၅၀ ကျော်ရှိပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက်သည့် အခြေအနေများကြုံတွေ့ချိန်၌ လူတစ်ဦးချင်းနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးမှလည်း လှူဒါန်းမှုများရှိကြောင်း၊ အလားတူ ‌ဒေသအသီးသီးတွင်လည်း လူမှုကူညီရေးအသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီလိုက် ၎င်းတို့အစီအစဉ်ဖြင့် လိုက်လံကူညီလှူဒါန်းပေးနေခြင်းများရှိပြီး ၎င်းတို့လှူဒါန်းသည့် ပစ္စည်းအင်အား၊ ငွေအင်အားများမှာလည်း များပြားသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ကူညီဆောင်ရွက်ပေးနေမှုများအပေါ်လည်း အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *