October 9, 2024

ဖြိုးဝေ
၉.၁၀. ၂၀၂၄

လူမှုကွန်ရက်မှာ ဗုဒ္ဓဘာသာဟာ အရင်အစိုးရဟောင်းလက်ထက် Facebook အတွက် ကျပ်သန်း ၆၄၀၀ ကျော်သုံးပြီးချိန် ၂၀၁၈ လောက်ကစလို့ ပိုမို စော်ကားလာကြသလို နွေဦးဖြစ်စဥ်မှာလည်း MNDAA လက်နက်ကိုင်တွေရဲ့ ဘုရားပုထိုးဖျက်ဆီးမှုတွေပါ ဒီနှစ်ပိုင်းထဲ ကြုံခဲ့မြင်ခဲ့ရသေးတာပါ။ လက်ရှိမှာလည်း ဘာသာခြား ကယားလက်နက်ကိုင် KNDF နဲ့ PDF တွေ ကြီးစိုးထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ တောင်ထိပ်မှာ တည်ထားကိုးကွယ်တဲ့ ဗုဒ္ဓဆင်းတုတော်အားလုံး ဦးခေါင်းတော်ဖြတ်တောက်ခံရမှုတွေ ဖြစ်ပွားခဲ့သလို ဒီဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်အရေးယူမယ်လို့ ကယန်းပြည်သစ်ပါတီ၊ ပါတီဝင်လူငယ်ဌာန(KNLPy) က ထုတ်ပြန်ထားတဲ့ဖြစ်စဉ်တွေ ဒီရက်သတ္တပတ်မှာ တွေ့မြင်ခဲ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း နိုင်ငံတဝှမ်းမှာ တိုက်ပွဲပေါင်း ၁၇,၀၀၀ အထိဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည်ပေါင်း ၆ ဒသမ ၅ သန်းကျော်ရှိခဲ့တယ်လို့ ISP-Myanmar စစ်တမ်းထုတ်လာတာ၊ လောင်းလုံးနဲ့ တီးတိန်မြို့နယ်တို့မှာ သန်းခေါင် စာရင်းကောက်ယူနေတဲ့ ဆရာမတွေနဲ့ မြို့မိမြို့ဖတွေအပါအဝင် ၈ ဦးကို PDF တွေ ဖမ်းဆီးလိုက်တာ၊ ကမ်းခြေစောင့်တပ်ဖွဲ့ (၃) နှစ်ပြည့် အခမ်းအနားမှာ ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ် ၄ စီး တပ်တော်ဝင်ခဲ့တာ၊ တရုတ်- မြန်မာဖက်စပ် Myanmar Ding Wang ဘီစကစ်စက်ရုံကို PDF တွေက ဓားပြဝင်တိုက်ပြီး ကျပ်သိန်း(၃ဝဝ)ခန့်နဲ့ မော်တော်ယာဉ် တစ်စီး ယူဆောင်ထွက်ပြေးတာ၊ တပ်မတော်ကို သတင်းပို့မှုတွေကြောင့် လားရှိုးမြို့လေကြောင်းတိုက်ခိုက်ခံရလို့ဆိုပြီး MNDAA က တပ်ဆင်ထားတဲ့ Star Link ဂြိုဟ်တုအင်တာနက်လိုင်းတွေကို ဖြတ်တောက်လိုက်တာ၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံက ကြားဝင်စေ့စပ်ဆွေးနွေးပေးတဲ့နိုင်ငံဖြစ်လာစေဖို့ကြိုးပမ်းနေတာတွေအပြင် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနိုင်ငံများ အဆင့်သတ်မှတ်ချက်မှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၇၃ နေရာ ရပ်တည်နေတယ်လို့ စစ်တမ်းတွေထွက်လာခဲ့တဲ့ ဖြစ်စဥ်တွေရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ အမေရိကန်ရဲ့ အဖိုးတန်မိတ်ဘက်သေဆုံးမှုအကြောင်း၊ မူးယစ်ဆေးကို ဓာတ်ခွဲခန်းနဲ့ပါ ထုတ်နေတဲ့ ရှမ်း၊ ကချင် လက်နက်ကိုင်တွေရဲ့အကြောင်းနဲ့ မြန်မာ့အရေးကို ရှုပ်ထွေးသထက်ရှုပ်ထွေးအောင် အင်ဒိုနီးရှားအစိုးရလုပ်ဆောင်နေတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

◾ အမေရိကန်ရဲ့ အဖိုးတန်မိတ်ဘက်သေဆုံးမှု

အောက်တိုဘာ ၇ ရက် နံနက် ၃ နာရီမှာ အသက် ၇၃ နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာနဲ့ သေဆုံးသွားချိန် အမေရိကန်သံရုံးက ထူးထူးခြားခြား ဝိသေသတပ်ပြီး ဒေါက်တာဇော်မြင့်မောင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဖိုးတန်မိတ်ဘက်လို့ တံဆိပ်ကပ် ဝမ်းနည်းချက်ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာ ဒေါက်တာဇော်မြင့်မောင်ထက် ပုံရိပ်မြင့်တဲ့ သူရဦးတင်ဦး၊ ဦးဉာဏ်ဝင်းနဲ့ မုံရွာအောင်ရှင်တို့ ကွယ်လွန်ခဲ့ပေမဲ့ အထူးတလည်ဝမ်းမနည်းတဲ့ အမေရိကန်သံရုံးက ဒေါက်တာဇော်မြင့်မောင်ကြမှ အမေရိကန်ရဲ့ အဖိုးတန်မိတ်ဘက်လို့ သုံးနှုန်းလိုက်မှုဟာ မဲမသမာမှုများစွာဖြစ်ပွားစေခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် အမေရိကန်က ဒေါ်လာ ၄၆ သန်း (၂၀၂၀ ပေါက်စျေးအရ ကျပ် ၅၅ ဘီလျံ ပတ်လည်) ပံ့ပိုးကူညီခဲ့တယ်ဆိုတာကို ပြန်သတိရစေခဲ့သလို NUG ဖြစ်လာပြီးနောက်ပိုင်းမှာ အမေရိကန်က NDAA နဲ့ Burma Act 2022 အရ NUG နဲ့ PDF တွေကို ဒီမိုကရေစီခေါင်းစဉ်အောက်က နှစ်စဉ် ဒေါ်လာ သန်းရာနဲ့ချီပေးခဲ့မှုတွေကိုပါ ဆင့်ပွားတွေးစရာဖြစ်လာခဲ့ပါတယ်။

ဘာကြောင့် ဆင့်ပွားစရာဖြစ်လာတာလဲဆိုတော့ NLD ပါတီဟာ ဥက္ကဋ္ဌအဖြစ် ဒုသမ္မတအထက်က အတိုင်ပင်ခံလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဋ္ဌ(၁) အဖြစ် သမ္မတလုပ်တဲ့ ဦးဝင်းမြင့်တို့ပဲ ရှိနေချိန်မှာ သူတို့နှစ်ယောက်က ပါတီအရေးမစီမံနိုင်ဘဲ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးထဲထဲဝင်ဝင် တစ်ဦးတည်းသော ဦးဆောင်သူက ဒုဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်ဖြစ်ခဲ့လို့ပါ။ ပါတီမှာ ဒုဥက္ကဋ္ဌအဖြစ် တစ်ဦးတည်းသော ပြိုင်ဘက်မရှိ ရွေးကောက်ပွဲဦးဆောင်ခွင့်ရခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင် လက်အောက်က NLD ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရဖို့လုပ်ရပ်ဟာ မဲမသမာမှုများစွာနဲ့ ဝေဖန်ခံခဲ့ရသလို တပ်မတော်က ဖြေရှင်းဖို့ တောင်းဆိုချိန်မှာလည်း မဖြေရှင်းဘဲ ထိပ်တိုက်တိုးဖို့ NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ သမ္မတဟောင်းဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်တို့က အမာလိုင်းကို ရွေးချယ်ခဲ့တယ်လို့လည်း VOA(Voice of America) သတင်းဌာနက မြန်မာပိုင်း ဌာနမှူးဟောင်းကိုသန်းလွင်ထွန်းက ရေးသားဖော်ပြခဲ့တာ၊ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ တစ်ဘီလျံကို NLD အစိုးရဟောင်းက အမေရိကန်ဆီ အပ်နှံလိုက်ပြီး NLD က တစ်ဆင့်ပေါက်ဖွားလာတဲ့ NUG ကလည်း ဒီ ဒေါ်လာတစ်ဘီလျံကို တိုက်ပွဲတွေမှာ အသုံးပြုဖို့ ကြိုးပမ်းနေတာ၊ မဲမသမာမှုတွေကို မဖြေရှင်းခဲ့ဘဲ အမာလိုင်းကိုရွေးချယ်ခဲ့တာကြောင့် အခုသေဆုံးတဲ့ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ထောင်နှစ်ရှည်ကျခဲ့တာ စတဲ့ ဖြစ်စဉ်တွေ တွေ့ရတာတွေကြောင့်ပါ။ ဒါတင်မက နွေဦးတော်လှန်ရေးကာလအတွင်း NUG က လူ ၃၀၀၀၀ ခန့်သတ်ဖြတ်ထားတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း Reuter Next အစီအစဥ်မှာ ဝန်ခံခဲ့သလို တိုက်ပွဲတွေကြောင့် နေအိမ်တစ်သိန်းခန့်လည်း မီးလောင်ပျက်စီးခဲ့ရတဲ့အပြင် SAC ကြောင့်လည်း လူ ၆၀၀၀ ခန့်သေဆုံးတယ်လို့ AAPP က စွပ်စွဲတာကို တွေ့ခဲ့ရပါသေးတယ်။

ဒီလိုမျိုး NLD ပါတီက မဲမသမာမှုမဖြေရှင်းဘဲ အမာလိုင်းကိုရွေးချယ်ကာ ထိပ်တိုက်တိုးခဲ့တာကြောင့် နိုင်ငံကလည်း သုံးနှစ်ကျော်ကာလအတွင်း စစ်တလင်းဖြစ်ခဲ့ရပြီး ဒီလိုအမာလိုင်းရွေးချယ်မှုမှာ အဓိကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အမေရိကန်ရဲ့ အဖိုးတန်မိတ်ဘက် ဒေါက်တာဇော်မြင့်မောင်ကတော့ အောက်တိုဘာ ၈ ရက်မှာ မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ပြီး သူ့အဖို့တော့ အားလုံးပြီးဆုံးသွားပါတယ်။

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံကို ပထဝီနိုင်ငံရေးအရ ဖိအားပေးဖို့ မြန်မာနိုင်ငံမှာ မီးမွှေးဖို့ အမြဲတစေလုပ်နေတာလို့ နိုင်ငံရေးသုံးသပ်သူတွေ ခေါင်းဆောင်တွေက တိုင်းသိပြည်သိ မကြာခဏပြောကြပြီး ဒီလိုမျိုး အမေရိကန်က တရုတ်နိုင်ငံအခက်ကြုံအောင် မြန်မာနိုင်ငံကို နိုင်ငံရေးကစားကွင်းလုပ်ရာမှာ အဖိုးတန်မိတ်ဘက်ဖြစ်အောင် အဓိကပါဝင်သူက ပြာဖြစ်သွားလို့ ပြီးဆုံးသွားပေမဲ့ မပြီးဆုံးသေးတာကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံပိုင်အဆောက်အအုံတွေဖျက်ဆီးခံရမှု၊ လူမှုစီးပွားဘ၀ပျက်သုဉ်းမှုနဲ့ ပြည်သူ သေကြေရမှုတွေဖြစ်ပါတယ်။ ဒီလိုမျိုး မပြီးဆုံးသေးမှုတွေက ဘယ်လောက်အထိရှည်ကြာမလဲ ခန့်မှန်းမရသေးတဲ့အပြင် အမေရိကန်က ဒေါက်တာဇော်မြင့်မောင်လိုမျိုး တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်းလုပ်ဦးမယ့် နောက်လာလတ္တံ့သော အဖိုးတန်မိတ်ဘက် စာရင်းဝင်တွေလက်မှာ နိုင်ငံနဲ့ ပြည်သူ ဘယ်လောက်အထိ ထပ်နာရဦးမလဲဆိုတာကတော့…..။

◾ မူးယစ်ဆေးကို ဓာတ်ခွဲခန်းနဲ့ပါ ထုတ်နေတဲ့ ရှမ်း၊ ကချင် လက်နက်ကိုင်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ‌တွေက နယ်စပ်ဖြတ်ကျော်ပြီးလုပ်ဆောင်နေတဲ့ မူးယစ်ကုန်သွယ်မှုတွေကို မြင့်တက်လာစေခဲ့သလို မူးယစ်ဂိုဏ်းတွေကလည်း မြန်မာနိုင်ငံက လက်နက်ကိုင်တွေနဲ့ မဟာမိတ်ဖွဲ့ ဖြန့်ဖြူးနေတဲ့အပြင် ရှမ်းနဲ့ကချင်က လက်နက်ကိုင်တွေဆိုရင် မူးယစ်ဆေးဝါးစမ်းသပ်ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းပါရှိနေတယ်လို့ ထိုင်း မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ(ONCB) တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလာပါတယ်။

NUG နဲ့ PDF တွေကို အမေရိကန်အလိုကျ ထိုင်းနိုင်ငံကို နိုင်ငံတကာတံခါးပေါက်ပြုလုပ်ပြီး ဝင်ထွက်ထောက်ပို့လမ်းဖြစ်နေတာ မျက်စိမှိတ်ထားတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင်မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်သွင်းဖို့ အဓိကလမ်းကြောင်းအဖြစ် ရှိနေဆဲပါ။ ဒီလို မူးယစ်ဆေးဝါးတင်ပို့မှုကလည်း မဲခေါင်မြစ် ဒါမှမဟုတ် တောတောင်တွေကိုဖြတ်သန်းပြီး စိတ်ကြွမူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံဘက်ခြမ်းတင်ပို့နေကြပြီး ချင်းမိုင်၊ ချင်းရိုင်နဲ့ မယ်ဟောင်ဆန်အရပ်ဒေသတွေမှာ အခုနှစ် ပထမ ၈ လအတွင်း စိတ်ကြွဆေးပြားအများအပြားဖမ်းဆီးရမိခဲ့တာကလည်း ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွဆေးပြား ၃၄၆ သန်းကျော်ထက် ၁၇ ရာခိုင်နှုန်းမြင့်တက်နေတယ်လို့လည်း သိရပါတယ်။

တကယ်တော့ အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့လို့ နိုင်ငံတွေဟာ သူတို့တစ်ချိန်လုံး မူးယစ်ဆေးဖြန့်သူလို့ စောင့်ကြည့်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီမိုကရေစီအမည်ခံအောက်မှာ အသုံးချမှု မှားယွင်းသွားခဲ့တာပါ။ မြန်မာပြည်တွင်းမှာ လက်နက်ကိုင်ရာချီထွက်လာပြီး စစ်ပွဲတွေ ဖန်တီးခဲ့ကြပေမဲ့ တကယ့်တကယ်မှာ ပြည်တွင်းအခြေအနေ ရှုပ်ထွေးအောင် လုပ်ချင်ရုံဖြစ်တာကြောင့် မထူးဇာတ်ခင်းတဲ့ လက်နက်ကိုင်တွေဟာ စစ်ပွဲတွေဆက်တိုက်ဖို့အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းရိက္ခာရဖို့ အားနေရင်း ဆေးပြားသိန်းချီရိုက်ထုတ်ပြီး မူးယစ်ဆေးတွေကို ပုံစံမျိုးစုံနဲ့ ပိုထုတ်ကြတော့တာပါ။ ပိုဆိုးတာက နေရာအနှံ့လက်နက်ကိုင်ချည်းဖြစ်လာလို့ အုပ်ချုပ်ရေးအာဏာစက် ပြတ်သွားချိန်မှာ အရင်ကထက်ကို ပိုပြီး ကမ္ဘာကို လွယ်လွယ်ကူကူ မူးယစ်ဆေးဖြန့်ကြတော့တာပါ။ ဥပမာအားဖြင့် ဒီစစ်ပွဲကာလအတွင်းမှ နာမည်ကြီးလာပြီး အာဆီယံမှာ ဖြန့်နေတဲ့ Happy Water ဟာ ရှမ်းပြည်က အသစ်ထွက်တဲ့ မူးယစ်ဆေးပါ။ ဒီမိုကရေစီအမည်တပ်ပြီး မူးယစ်ရာဇာတိုင်းရင်းသားလက်နက်ကိုင်တွေကို စင်တင်မိတဲ့ အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံတွေအဖို့တော့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ပြီး ကိုယ့်နိုင်ငံအတွင်း မူးယစ်ဆေးဝါးပိုရောက်နေလို့ အခက်ကြုံနေပုံကလည်း ကိုယ့်မနော ကိုယ့်ကျောကပ်တာလို့ပဲ တွေးရမှာပါ။

◾ မြန်မာ့အရေးကို ရှုပ်ထွေးစေတဲ့ အင်ဒိုနီးရှား

လာအိုနိုင်ငံမှာ ဒီနေ့ကစ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ မြန်မာ့အရေး သဘောထားတင်းမာတဲ့ အင်ဒိုနီးရှားနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေပါဝင်တဲ့ သံတမန် ဆွေးနွေးပွဲတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံမှာ လုပ်ခဲ့ပြီး ဒီဆွေးနွေးပွဲမှာ NUG အပါအဝင် လက်နက်ကိုင်အဖွဲ့ ၂၀ ထက်မနည်းပါခဲ့သလို အမေရိကန်က သံအမတ်တွေလည်း ပါခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်က လတ်တလောမှာတင် နျူကလီးယားကုန်ကြမ်းထုတ်ရောင်းတယ်လို့ စွပ်စွဲခံရဖူးတဲ့ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်တို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးဖြစ်စဥ်ကာလမှာ အာဆီယံဥက္ကဋ္ဌတွေအဖြစ် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ အဆင့်ဆင့်ပြောင်းချိန် လာအိုလက်ထက်ကြမှ SAC အစိုးရက အစည်းအဝေးပြန်တက်တာကို ဖြိုဖျက်ဖို့နဲ့ တရုတ်၊ ရုရှားတို့နဲ့ နီးစပ်တဲ့ လာအိုကြောင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်း ပြေလည်မှုအဆင့်တက်လာတာကို မမြင်ချင်တာကြောင့် အမေရိကန်နဲ့ လက်ဝါးချင်းရိုက်လုပ်တဲ့ အင်ဒိုနီးရှားရဲ့ သံတမန်ဆွေးနွေးပွဲဟာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လုပ်ဆောင်မဲ့ အာဆီယံရဲ့ Trioka ကို အနှောင့်အယှက်ပေး၊ မြန်မာ့အကျပ်အတည်းကို ပိုရှုပ်ထွေးပြီး ၂၀၁၇ ဘင်္ဂါလီအရေးလို ပြည်တွင်းရေးကို နိုင်ငံတကာအရေးဖြစ်လာအောင် မွှေနှောက်ဖို့ကလွဲရင် တခြား ဘာကောင်းကျိုးမှ မထွက်နိုင်တဲ့ အခြေအနေကိုလည်း တွေ့ရပါသေးတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးကတော့ ရုရှားနိုင်ငံက အမြဲပြောနေသလို မြန်မာ့ပြည်တွင်းရေးအဖြေကို မြန်မာနိုင်ငံကိုယ်တိုင်အဖြေရှာပြီး အမေရိကန်၊ တရုတ် စတဲ့ Proxy War လုပ်နေတယ်လို့ သုံးသပ်ခံနေရတဲ့ နိုင်ငံတွေ ဝင်မရှုပ်ဖို့နဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကပဲ အဓိကပါ။ ရွေးကောက်ပွဲလုပ်ဆောင်မှုဟာ လက်နက်ကိုင်ပြီး ကိုယ်ကျိုးရှာ အမေရိကန်လို၊ ဩဇီလို၊ နယူးဇီလန်လို၊ စပိန်လို၊ ဂျာမနီလို နိုင်ငံတွေမှာ မိသားစုဘ၀တည်ဆောက်နေကြပြီဖြစ်တဲ့ NUG ခေါင်းဆောင်တွေ၊ လက်နက်ကိုင်ပြီး ဆက်ကြေးကောက်လိုက်၊ ဓားပြတိုက်လိုက် လုပ်နေကြတဲ့ လက်နက်ကိုင်တွေအဖို့သာ စားပေါက်ပိတ်ပြီး ရပ်တည်ရခက်ခဲလာမှာဖြစ်ပေမဲ့ သုံးနှစ်ကျော်အတွင်းမှာ လူ ၅၀၀၀၀ လောက် အသတ်ခံထားရတဲ့၊ နိုင်ငံပိုင် အခြေခံအဆောက်အအုံ ၁၀၀၀၀ ကျော် ဖျက်ဆီးခံထားရတဲ့၊ ပြည်သူ ၆ သန်းခွဲကျော် စစ်ပြေးနေရပြီး ၁၈ သန်းကျော် စားဝတ်နေရေးအဆင်မပြေဖြစ်နေရတဲ့၊ တိုက်ပွဲတွေကြား နေအိမ် တစ်သိန်းနီးပါး မီးရှို့ဖျက်ဆီးခံထားရတဲ့ နိုင်ငံနဲ့ပြည်သူအတွက်တော့ အချိန်တိုတိုနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ဆွဲခေါ်နိုင်မယ့် နည်းလမ်းပါ။ ဒီနည်းလမ်းကပဲ ကိုယ်ကျိုးရှာလက်နက်ကိုင်တွေကို ထိန်းနိုင်ဖို့ လမ်းစပေါ်မှာဖြစ်သလို တပ်မတော်ကိုလည်း ပြန်ဝေဖန်ထောက်ပြဆွေးနွေးထိန်းကျောင်းလို့ ရမှာမို့ အလုံးစုံပျက်သုဉ်းဖို့ အနှစ် ၂၀ လောက် စစ်ထိုင်တိုက်နေတာထက်တော့ အဆင်ပြေမယ့်ထွက်ပေါက်ဆိုတာ တွေးဆကြပါလို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *