October 9, 2024

၉.၁၀.၂၀၂၄
Written By MT News

နေပြည်တော်တွင် မိသားစု ၃ ဦးအား လုယက် သတ်ဖြတ်ပစ်ခဲ့သည့်တရားခံများကို ယမန်နေ့အောက်တိုဘာလ ၈ ရက်တွင် ဥတ္တရသီရိမြို့နယ် တရားရုံးက သေဒဏ်၊ ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။

အဆိုပါ လုယက်သတ်ဖြတ်မှုဖြစ်စဥ်မှာ ပြီးခဲ့သည့်ဩဂုတ်လ ၁၀ ရက်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းတွင် ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦးနှင့် သားဖြစ်သူရွှေအုပ်စိုးတို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

လူသတ်သမားများက လူသတ်သည့်အပြင် လက်ကိုင်ဖုန်း ၃ လုံး၊ မော်တော်ယာဉ် တစ်စီးတို့ကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သူများကို ဖမ်းမိပြီးနောက် စစ်ဆေးရာ ကျူးလွန်များထဲမှ နှစ်ဦးက သေဆုံးသူတို့၏သားနှင့် သောက်ဖော်စားဘက်ဖြစ်ပြီး ငွေကြေးလိုအပ်၍ နေအိမ်တွင် လိုက်ပါစားသောက်စဥ် မိသားစုဝင်သုံးဦးကို သတ်ဖြတ်လုယက်ခဲ့ကြသည်ဟု ထွက်ဆို‌ခဲ့ကြောင်း MT News တွင်‌ ဖော်ပြခဲ့ပြီး ဖြစ်သည်။

ထို့အတွက် လူသတ်မှုကျူးလွန်သော တရားခံ ရဲထက်ကျော် (ခ) ကိုချစ်၊ ကျော်အေး (ခ) ပသိုင်း၊ ကျော်သူ၊ နန်းကိုသူ (ခ) နန်းမောင်တို့ (၄) ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄၊ ၂၀၁၊ ၂၀၂/၁၀၉ တို့ဖြင့် လည်းကောင်း အသက်မပြည့်သေးသည့် ကျူးလွန်ရာတွင်ပါဝင်သော ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄ ဖြင့်လည်းကောင်း တရားစွဲတင်ပြီးနောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ကျူးလွန်ကြောင်း ခိုင်လုံသည့်အတွက် အမိန့်အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၈ ရက်က အမိန့်ချရာတွင် တရားခံ ရဲထက်ကျော် (ခ) ကိုချစ်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် (၂၀)နှစ်ချမှတ်ကာ တရားခံ နန်းကိုသူ (ခ) နန်းမောင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ အရ သေဒဏ်၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အရ ထောင်ဒဏ်(၁၀)နှစ်၊ တရားခံကျော်အေး (ခ) ပသိုင်းကို ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် (၆) လ၊ တရားခံ ကျော်သူကို ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် (၆)လ အသီးသီးကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ယင်းအပြင် အသက်မပြည့်သေးသူ ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ထောင်ဒဏ် (၇)နှစ် ချမှတ်ပြီး ပြစ်ဒဏ် (၃)ရပ်ကို တစ်ပြိုင်တည်း ကျခံစေရန်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် (၃)နှစ်ကို သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *