October 9, 2024

၉.၁၀. ၂၀၂၄
Written by Shwe Phyo

ဗြိတိန်နိုင်ငံမှာနေထိုင်နေတဲ့ သမီးယောက်ဖ နှစ်ဦးဖြစ်တဲ့ ဂျွန်ဒါဝင် နဲ့ ဂျိမ်းစ်ဘိတ်ကာတို့ဟာ ကား တစ်စီးစီကို အချိန် ၂၄ နာရီအတွင်း အကွာအဝေး ၃၂ မိုင်အထိ ဆွဲပြကာ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တယ်လို့ ယူပီအိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဂျိန်းစ်ဘိတ်ကာဟာ ဂျွန်ဒါဝင်ရဲ့ညီမဖြစ်သူကို တရားဝင်ယူထားသူဖြစ်ပြီး သမီးယောက်ဖတွေ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံသား သမီးယောက်ဖနှစ်ဦးဟာ ကားကို ဆွဲပြရာမှာ ကားကို ကြိုးချည်ပြီး ခါးမှာ ကြိုးတပ်ဆင်ကာ ဆွဲပြခဲ့တာမျိုးဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းကလည်း ကားတစ်စီးချင်းကို ဘေးချင်းကပ် ပုံစံမျိုးနဲ့ ၂၄ နာရီအတွင်း မိုင်ပေါင်း ၂၂ ဒသမ ၁၈ မိုင်ကိုဆွဲပြခဲ့ဖူးတယ်လို့ သိရပါတယ်။

အဆိုပါဗြိတိန်နိုင်ငံသား နှစ်ဦးဟာ ၂၀၂၁ ခုနှစ်တုန်းက ရရှိခဲ့တဲ့ စံချိန်ကိုချိုးဖျက်နိုင်ဖို့ ကြိုးပမ်းခဲ့ရာ အကွာအဝေး ၃၂ မိုင်အထိ ကားကို ဆွဲပြပြီး ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံသား သမီးယောက်ဖ နှစ်ဦးဟာ စံချိန်ကို အတူရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တူညီတဲ့အကွာအဝေးတစ်ခုကိုရောက်ရှိချိန်မှာ ကားကို ဆွဲနေခြင်းကို ရပ်ဖို့လည်း တိုင်ပင်ထားခဲ့ကြောင်း၊ သူတို့ နှစ်ဦးဟာ စံချိန်တစ်ခုကိုအတူတူရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။

ဂျိမ်းစ်ဘိတ်ကာက”ကျွန်တော်တို့ရဲ့စံချိန်ကို ပုံမှန်အနေအထားနဲ့မတူဘဲ ကွဲပြားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အတူတကွ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့အတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ်။ ဒါက ညီအစ်ကိုအရင်းလိုမျိုး စည်းလုံးတဲ့ခံစားချက်မျိုးကို ပြသနိုင်ခဲ့တာပါ။ ဒီစံချိန်က ကျွန်တော်တို့နှစ်ယောက်ရဲ့ ပူးပေါင်းကြိုးပမ်းအားထုတ်မှု ရလဒ်ပါပဲ”လို့ ပြောပါတယ်။

ဂျွန်ဒါဝင်နဲ့ ဂျိမ်းစ်ဘိတ်ကာတို့ရဲ့ကားတစ်စီးချင်းစီကို သီးခြားဆွဲပြတဲ့ ကြိုးပမ်းမှုမှာ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဒန်နီယယ်ကယ်လာဟန်ဆိုသူဟာ ကနဦးမှာ ပူးပေါင်းပါဝင်ခဲ့ပေမယ့် ကယ်လာဟန်ဟာ ၁၄ မိုင် အရောက်မှာ ဒဏ်ရာရရှိခဲ့ပြီး ဆက်လက်ပါဝင်နိုင်ခြင်းမရှိခဲ့ကြောင်းသိရပါတယ်။

REF ,UPI

Leave a Reply

Your email address will not be published. Required fields are marked *