October 9, 2024

◾ အာဆီယံနိုင်ံငံများက မြန်မာအစိုးရကြုံတွေ့နေရသောအခြေအနေများကို နားလည်ကိုယ်ချင်းစာရန် မြန်မာကိုယ်စားလှယ်ပြောကြား

၉.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အာဆီယံခေါင်းဆောင်တွေရဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို လာအိုနိုင်ငံ ဗီယင်တိန်းမြို့မှာ အောက်တိုဘာလ ၉ ရက်က စတင်ကျင်းပခဲ့ကြရာမှာ မြန်မာနိုင်ငံအကျပ်အတည်း အခြေအနေဖြေရှင်းရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာငြိမ်းချမ်းမှုရရှိရေးဆိုပြီး အာဆီယံက ချမှတ်ခဲ့တဲ့ အများသဘောတူဆန္ဒငါးချက် စီမံချက်က တိုးတက်မှု မဖြစ်စလောက်သာရှိခဲ့ပြီးတဲ့နောက် ဒီနေ့အစည်းအဝေးမှာတော့ နိုင်ငံရေးအရအဖြေရှာဖို့ လမ်းကြောင်းသစ်တစ်ရပ်ကို ထိုင်းအစိုးရက အဆိုပြုခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း မတည်မငြိမ်အခြေအနေက သုံးနှစ်ခန့်ရှိလာပြီဖြစ်ပြီး ၅၅ သန်းသော ပြည်သူလူထုက ပြည်တွင်းစစ်ဖြစ်ပွားမှုဒဏ်ကို ခံနေကြရပါတယ်။ မြန်မာအစိုးရအနေနဲ့ လက်နက်ကိုင်အုပ်စုတွေကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားပါတယ်။

ထိုင်းအစိုးရက စစ်ပြေးဒုက္ခသည်အများအပြားဖြစ်စေကာ အရှေ့တောင်အာရှအသင်းဝင်နိုင်ငံတွေမှ ထိန်းသိမ်းရခက်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခအတွက် အဖြေရှာရန် အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံကို ဒီဇင်ဘာလအတွင်း ‘တရား ဝင်ဖြစ်သော တိုင်ပင်ဆွေးနွေးပွဲ’ တစ်ရပ်ကို အိမ်ရှင်အဖြစ်ကျင်းပဖို့ အဆိုပြုထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ် ဘာလန်ကူရာက “မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ အဖြေရှာမှု တစ်ရပ်ကို ပြုလုပ်သွားလိုပါတယ်၊ ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့လည်းအဆင်သင့်ပါ။ ဒီလို ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဦးတည်ဆောင်ရွက်နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်အစီအစဉ်က အာဆီယံရဲ့ ငြိမ်းချမ်းရေးအားထုတ်မှုအစီအစဉ်ကို ပိုမိုပြည့်စုံစေမှာပါ။ ဒါပေမယ့် လတ်တလောမှာတော့ ဒေသတွင်းဘယ်နိုင်ငံကမှ တုံ့ပြန်မှုမရှိသေးပါဘူး။ ဒီအဆိုပြုချက်ကို အောက်တိုဘာလ ၈ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ အဆိုပြုခဲ့တာပါ။

ပြီးခဲ့တဲ့လတွေအတွင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ အခြားသော ဩဇာကြီးမားတဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ကို မြန်မာနိုင်ငံငြိမ်းချမ်းရေးအားထုတ်မှုမှာ အဓိကကဏ္ဍက ပါဝင်သွားကြဖို့ အကြံပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံကအဆိုပြုတဲ့ အဆိုပါ တိုင်ပင်‌ဆွေးနွေးပွဲကို မြန်မာအစိုးရခေါင်းဆောင်တွေကို ဖိတ်ကြားခြင်းပြုမယ် မပြုဘူးဆိုတာကတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေအပေါ် မူတည်မယ်လို့ နီကွန်ဒက်ဂျ်က ဆိုခဲ့ပါတယ်။

ဗီယင်တိန်းမြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံပြည်တွင်းပဋိပက္ခအရေးနဲ့ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုတွေက အဓိကဆွေးနွေးဖို့အကြောင်းအရာတွေဖြစ်တယ်လို့လည်း သိရပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲ အပါအဝင် အာဆီယံအဓိကဆွေးနွေးပွဲတွေကို မြန်မာခေါင်းဆောင်တွေကို တက်ရောက်ခွင့်ကို ၎င်းတို့အနေနဲ့ ငြိမ်းချမ်းရေးအစီအစဉ်အတွက်လိုအပ်မှုတွေကို ဖြည့်ဆည်းနိုင်တဲ့အထိ အာဆီယံက ပိတ်ပင်ထားခဲ့ရာမှာ အခုကျင်းပတဲ့ ဗီယင်တိန်းမြို့ အာဆီယံဆွေးနွေးပွဲမှာတော့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အမြဲတန်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်မှုကိုလက်ခံခဲ့ပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်ဦးအောင်ကျော်မိုးက အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာအစိုးရကြုံတွေ့နေရတဲ့ အခြေအနေကို နားလည်စာနာမှုပြုပေးဖို့ တိုက်တွန်းလိုပြီး အကျပ်အတည်းအခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးကြရာမှာ အစွန်းမရောက်တဲ့ စကားလုံးတွေကို သုံးကြဖို့ ပြောကြားသွားတယ်လို့ သိရပါတယ်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *