October 9, 2024

◾ သေဆုံးသူအလောင်းတွင် ထိုးသွင်းဒဏ်ရာများပါရှိနေ၍ သွေးရိုးသားရိုးမဖြစ်နိုင်ဟု သုံးသပ်

၉.၁၀.၂၀၂၄
Written By Zun

မန္တလေးရှိ Hotel APEX ဟိုတယ် အပေါ်ဆုံးထပ် Sky Bar မှ လူငယ်တစ်ဦး ပြုတ်ကျ‌သေဆုံးမှုတစ်ခု ယမန်နေ့ အောက်တိုဘာလ ၈ ရက် ည ၇ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူအလောင်းတွင် ထိုးသွင်းဒဏ်ရာများပါရှိနေ၍ ပြုတ်ကျသေဆုံးမှုမှာ သွေးရိုးသားရိုးမဖြစ်နိုင်ကြောင်း မန္တလေးဒေသခံအချို့က သုံးသပ်နေကြသည်။

သေဆုံးသူ လူငယ်မှာ Sakura Priness Hotel၊ ၆၇ လမ်း၊ ၃၂x၃၃ လမ်းကြားနေသူအသက် ၂၃ နှစ်အရွယ် ချစ်တိုင်းအောင် ဆိုသူဖြစ်ပြီး ယမန်နေ့ည ၇ နာရီ ၁၀ မိနစ်ခန့်က ချမ်းအေးသာစံမြိုနယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၈×၅၉ လမ်းကြားရှိ Hotel APEX MANDAY သို့ ဆိုင်ကယ်ကယ်ရီဖြင့် ရောက်လာကာ ဟိုတယ်အပေါ်ဆုံးထပ်ရှိ Sky Bar သို့ တက်၍ ကောက်တေးတစ်ခွက်သောက်ပြီးနောက် ၇ နာရီမိနစ် ၂၀ ခန့်အချိန်တွင် Bar ပေါ်မှ ခုန်ချခဲ့ကြောင်း ကနဦး မေးမြန်းစစ်ချက်ကို သက်ဆိုင်ရာက မှတ်တမ်းတင်ရယူထားကြောင်း သိရသည်။

Hotel အောက်သို့ပြုတ်ကျသွားခဲ့သောကြောင့် မျက်နှာချိုင့်ဝင်၊ လက်ဝဲမျက်လုံးစုတ်ပြဲ၊ လက်ဝဲမေးစေ့ စုတ်ပြဲ၊ လက်ဝဲရင်ဘက်ထိုးသွင်းဒဏ်ရာ၊ လက်ဝဲလက်ယာ လက်ဖျံတွင် ပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိမှတ်တမ်းရေးသွင်းထားကြောင်းလည်းသိရသည်။

“လူမှုကွန်ရက်သတင်းတွေမှာ ကောင်လေးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သလိုလို ရေးထားကြတာတွေ့ပါတယ်။ ရိုးရိုးသားသားခုန်ချတာပဲဖြစ်ဖြစ်၊ ပြုတ်ကျတာပဲဖြစ်ဖြစ် ဒဏ်ရာရထားတာမျိုး တွေ့စရာအကြောင်းမရှိပါဘူး။ ဒါက ကြည့်ရင်သိနိုင်ပါတယ်။ ရဲတပ်ဖွဲ့ကလည်း အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးတာတွေလုပ်နေတယ်လို့ သိရတယ်ဗျ”ဟု မန္တလေးမြို့ခံတစ်ဦးက MT News ကို ပြောသည်။

MT News က လက်ခံရရှိထားသော သေဆုံးသူ၏ ဓာတ်ပုံမှတ်တမ်းတွင်လည်း အဆိုပါလူငယ်ခန္ဓာကိုယ်ပေါ်၌ ထိုးသွင်းဒဏ်ရာကိုတွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *