၉.၁၀.၂၀၂၄
Written by K Pyay Thein
ရွှေလှောင်းလှေပရဟိတအသင်းနဲ့ မြန်မာနိုင်ငံဆရာ၀န်အသင်းတို့ပူးပေါင်းပြီး နွမ်းပါးပြည်သူတွေကို ရင်ဘတ်ဓာတ်မှန်အခမဲ့ရိုက်ပေးတဲ့ ကျန်းမာရေး၀န်ဆောင်မှုတွေကို ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အခြေခံလူတန်းစားတွေအတွက် အဓိကရည်ရွယ်ပြီး ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်အတွင်းမှာ ရင်ဘတ်ဓာတ်မှန်အခမဲ့ရိုက်ကူးခြင်းတွေကို အပတ်စဥ်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ရွှေလှောင်းလှေပရဟိတအသင်း ဥက္ကဋ္ဌ ဦးသော်တာထွေးက ပြောပါတယ်။
“ကျွန်တော်တို့ ပရဟိတအသင်းနဲ့ မြန်မာနိုင်ငံဆရာ၀န်အသင်းတို့ ချိတ်ဆက်ပြီး အခြေခံလူတန်းစားများအတွက် ရင်ဘတ်ဓာတ်မှန်ရိုက်ကူးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လက်ရှိမှာ ဓာတ်မှန်ရိုက်တဲ့ပရောဂျက်မှာ ရင်ဘတ်ဓာတ်မှန် အခမဲ့ရိုက်ပေးတာမျိုးတွေကို လုပ်ပေးနေတယ်။ ကျွန်တော်တို့မြို့နယ်၊ ရပ်ကွက်ထဲက ဆေးခန်းတစ်ခုမှာ ဆရာ၀န်အသင်းကအပတ်စဥ်လုပ်ပေးတယ်။ ဒါက လူထုနဲ့တိုက်ရိုက်ထိတွေ့ရတာဖြစ်တဲ့အတွက် အခြေခံလူတန်းစားပြည်သူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ သဘောပါ”လို့ ဦးသော်တာထွေးက MT News ကို ပြောပါတယ်။
အပြင်မှာ ဓာတ်မှန်တစ်ခါသွားရိုက်မယ်ဆို ငွေကျပ်သုံးသောင်းကျော်လောက် ကုန်ကျမှုရှိနေတဲ့အတွက် အခြေခံနွမ်းပါးပြည်သူတွေအတွက် အခုလိုစီစဉ်ဆောင်ရွက်ပေးတာဖြစ်တယ်လို့ သူကဆိုပါတယ်။
“ဒီမှာရိုက်ရင် အခမဲ့ရိုက်လို့ရတာပေါ့။ အဲ့လိုမျိုးတော့ရှိပါတယ်။ အခမဲ့ရိုက်ချင်တဲ့သူတွေရှိရင် ခေါ်သွားပေးတယ်။အသိပညာပေးပြီးတော့ ပြောပြပေးတယ်။ လုပ်ဆောင်ပေးတယ်”လို့ ဦးသော်တာထွေးက ဆက်ပြောပါတယ်။
အဲ့ဒီအပြင်ရင်ဘတ်ဓာတ်မှန်ရိုက်လိုတဲ့ လူနာများနဲ့လူနာရှင်များအနေနဲ့ ရွှေလှောင်းလှေပရဟိတအသင်းကို အချိန်မရွေးဆက်သွယ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
“ရင်ဘတ်ဓာတ်မှန်က တစ်ခေါက်ရိုက်ထားရင်(၆)လလောက်အထိကို အသုံးပြုလို့ရတာပေါ့။ အဲ့ဒီဓာတ်မှန်က အခုလက်ရှိမှာ သူတို့ ကျန်းမာရေးကိစ္စမဖြစ်သေးပေမယ့်၊ ဒီ(၆)လအတွင်းမှာ တစ်စုံတစ်ရာဖြစ်လာခဲ့ရင် သူတို့အတွက်အသုံး၀င်တယ်။ ပြန်ရိုက်စရာမလိုဘူး။ သူတို့အတွက် သုံးသောင်းကျော်လောက် သက်သာသွားတယ်ဆိုရင်လည်း ဒါကအခြေခံလူတန်းစားတွေအတွက် ထမင်းစားလို့ရတယ်။ တစ်နေ့တာ လှုပ်ရှားရုန်းကန်ရတဲ့ အနေအထားလေးတွေအတွက်လည်း အဆင်ပြေသွားတာပေါ့နော်။ အဲ့လိုမျိုးလေးတွေရှိပါတယ်။ ကျွန်တော်တို့က ပရဟိတအသင်းက ဆရာ၀န်အသင်းနဲ့ချိတ်ဆက်ပြီးလုပ်ပေးနေတယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်ချင်တဲ့သူများအနေနဲ့ ရွှေလှောင်းလှေပရဟိတအသင်းကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်”လို့ ဦးသော်တာထွေးက ထပ်လောင်းပြောပြခဲ့ပါတယ်။
Photo – CJ