October 9, 2024

၉. ၁၀. ၂၀၂၄
Written by Nyein Kyaw

အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးသောချေးငွေကို ရယူလိုသူ MSME လုပ်ငန်းရှင်များ ချေးငွေရယူမှု ပိုမိုအဆင်ပြေစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တွင်လည်း ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာထားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှ ငွေကျပ် ၁၅၀ ဘီလျံမတည်ပြီး သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများအား Participating Financial Institutions (PFI) ဘဏ်များမှတစ်ဆင့် စနစ်တကျ ထုတ်ချေးနိုင်ရေးအတွက် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအဖြစ် နိုင်ငံပိုင်ဘဏ်များဖြစ်ကြသည့် မြန်မာ့စီပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့် ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အား အောက်တိုဘာ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်ပတ်အတွင်း ချေငွေများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ချေးငွေလျှောက်ထားနိုင်သော ဘဏ်များမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်၊ ပထမပုဂ္ဂလိကဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာ့ခရီးသွားဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ သမဝါယမဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာမက်ထရိုဘဏ်လီမိတက်၊ ဧရာဝတီဘဏ်လီမိတက်၊ သတ္ထုဖွံ့ဖြိုးရေးဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်တို့ ဖြစ်သည်။

သို့ဖြစ်ပါ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ချေးငွေလျှောက်ထားရာတွင် ပြည်ထောင်စုနယ်မြေ/တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့် လျှောက်ထားနိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ်ဘီလျံ ၁၇၀ ကို MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေတွင် ထည့်သွင်းထားရှိပြီး၊ အဆိုပါရန်ပုံငွေမှ ငွေကျပ်ဘီလျံ ၁၅၀ ကို MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ချေးငွေထုတ်ချေးနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *