October 9, 2024

◾ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့်အမှုဖွင့်၍ တရားခံ ဖမ်းဆီးနိုင်ရေးလုပ်ဆောင်နေ

၉.၁၀.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ UAB စမ်းချောင်းဘဏ်ခွဲ၏ ယာဉ်မောင်းဝန်ထမ်းက ဒုတိယငွေကြေးတာဝန်ခံကို ဓားဖြင့်ထောက်ကာ ယာဥ်နှင့် ယာဉ်ပေါ်ပါငွေ ကျပ်သိန်း ၁၃၀၀ ကျော်ကို လုယက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“လောလောဆယ် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ လုပြီးတော့ ထွက်ပြေးသူကိုတော့ မမိသေးဘူး။ သူက ရန်ကုန်မှာနေတယ်လို့ ဘဏ်မှာ အလုပ်လျှောက်တဲ့ လျှောက်လွှာမှာ ရေးထားတယ်။ ဒါကြောင့် သူ့လိပ်စာအတိုင်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်”ဟု UAB စမ်းချောင်းဘဏ်ခွဲတာဝန်ရှိသူက MT News ကို ပြောသည်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၁၂ နာရီကျော်အချိန်က ယာဉ်မောင်းဝန်ထမ်း မြတ်မင်းထိုက် မောင်းနှင်သော ဘဏ်ပိုင်ယာဉ် YGN-40, 4L/3922 Suzuki အဖြူရောင် Pickup ဖြင့် ကျပ်သိန်း ၁၃၀၀ ကျော်(၁၃၇,၇၃၈,၉၅၀ ) ကို သယ်ဆောင်၍ ပြန်လာစဉ် မြတ်မင်းထိုက်က ယာဉ်ပေါ်ပါ ဘဏ်ဒုတိယငွေကြေးတာဝန်ခံ ဒေါဖြိုးသန္တာကျော်အား ဓားထောက် လုယက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဒေါ်ဖြိုးသန္တာကျော် အသုံးပြုသော Mi Note 11 လက်ကိုင်ဖုန်းကိုပါ ယူဆောင်၍ ငွေကြေးများ တင်ဆောင်ထားသော ဘဏ်ပိုင်မော်တော်ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားကြောင်းသိရသည်။

“ရဲစခန်းမှာ (ပ)၁၈၂/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၈၆ နဲ့ အမှုဖွင့်ထားပါတယ်။ တရားခံကိုမဖမ်းမိသေးပါဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက Mt News ကိုပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *