October 9, 2024

၉. ၁၀. ၂၀၂၄
Written by Nay Moe

ဧရာဝတီသတင်းဌာန၌ သတင်းထောက်နှင့် ဓာတ်ပုံ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုထက်ဝေ (Brian Wei)သည် ရုတ်တရက် ကွယ်လွန်သွားကြောင်း ဧရာဝတီသတင်းဌာနက ယမန်နေ့ အောက်တိုဘာ ၈ ရက်တွင် အတည်ပြု ဝမ်းနည်းသတင်းဖော်ပြသည်။

“ကိုထက်ဝေသည် သတင်းသမားတယောက်အနေဖြင့် မြန်မာနိုင်ငံအတွင်းမှ အမှန်တရားနှင့် မတရားမှုများကို မိမိရရ မှတ်တမ်းတင်နိုင်ခဲ့သူဖြစ်သည့်အပြင်၊ အခြေခံလူတန်းစား ဘဝသရုပ်ဖော်များကိုလည်း ထိထိမိမိ ရိုက်ကူးတင်ပြနိုင်သူအဖြစ် လုပ်ဖော်ကိုင်ဘက်များ၏ အသိမှတ်ပြုခံရသူလည်း ဖြစ်ကြောင်းနှင့် လုပ်ဖော် ကိုင်ဘက်များကို အမြဲကူညီတတ်ပြီး ပျော်ပျော်နေတတ်သည့် ကိုထက်ဝေကို ဧရာဝတီသတင်းဌာနမိသားစုအနေဖြင့် အမြဲ အမှတ်ရလွမ်းဆွတ်နေမည် ဖြစ်သည်”ဟုလည်း ​ဖော်ပြထားသည်။

MT News သတင်းဌာနက ထိုင်းနိုင်ငံရောက်သတင်းသမားများထံမှ စုံစမ်းသိရမှုအရ ကိုထက်ဝေသည် ချင်းမိုင်မြို့တွင် လွန်ခဲ့သည့် ၅ ရက်၊ အောက်တိုဘာ ၄ ရက်ခန့်​က ချင်းမိုင်မြို့တွင် ဆိုင်ကယ် Accident ဖြင့် ကွယ်လွန်ခဲ့ပြီး ဆေးရုံတွင် ပိုင်ရှင်မဲ့ရုပ်အလောင်းအဖြစ် ရှိနေခဲ့သည်။ ကိုထက်ဝေပျောက်ဆုံးနေသည်ကို လိုက်လံရှာဖွေသည့် ဧရာဝတီမီဒီယာတာဝန်ရှိသူများက အောက်တိုဘာ ၈ ရက်တွင် ချင်းမိုင်ဆေးရုံ၌ ပိုင်ရှင်မဲ့အဖြစ်ရှိနေသည့် ရုပ်အလောင်းကို ပျောက်ဆုံးသူကိုထက်ဝေအဖြစ် အတည်ပြုပေးခဲ့ရကာ ထိုနေ့နေ့လယ်တွင်ပင် ရုပ်အလောင်းထုတ်ယူခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

အသက် ၃၃ နှစ်အရွယ် ကိုထက်ဝေသည် ယခင်က ဧရာဝတီသတင်းဌာန၏ ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်း ဧရာဝတီသတင်းဌာန၏ အင်္ဂလိပ်ပိုင်းတွင် Brian Wei အမည်ဖြင့် ရေးသားနေသူလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *