October 8, 2024

၈.၁၀.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံတွင် မြန်မာထုတ်ကုန်ပစ္စည်းများကို တရားဝင်အခွန်ဆောင်ထားကြောင်း အထောက်အထားမပါဘဲ ရောင်းချနေသော ဈေးဆိုင် ၂ ဆိုင် ဝင်ရောက်ဖမ်းဆီးခံရကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြကြ သည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်က ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မူယန်မြို့နယ်၊ ခုတ်ခန်ကျေးရွာတွင် မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများရောင်းချသည့် ဈေးဆိုင် ၂ ဆိုင်ကို ထိုင်းစားသောက်ကုန်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တာဝန်ရှိသူများပါသော ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသော ကုန်ပစ္စည်းအမျိုးအစားမှာ အဆင်သင့် စားသောက်ကုန် ၊ ဆေးဝါး၊ အလှကုန်ပစ္စည်း၊ ခြင်ဆေး၊ အဝတ်လျှော်ဆပ်ပြာရည် စသည့် ကုန်ပစ္စည်းအမျိုးအစားအစုံ တစ်သောင်းခြောက်ထောင်ကျော် ရှိကြောင်း သိရသည်။

ယင်းကုန်ပစ္စည်းများတွင် သုံးစွဲရန်အညွှန်းကို ထိုင်းဘာသာဖြင့် လမ်းညွှန်ထားမှုမရှိခြင်း၊ တရားဝင် တင်သွင်းလာကြောင်း အခွန်ဆောင်ထားသည့် စာရွက် စာတမ်းအထောက်အထားမပြနိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာထုတ်ကုန်ပစ္စည်းများကို ရောင်းချသည့်အရောင်းဆိုင်ပိုင်ရှင်မှာ ထိုင်းနိုင်ငံသားများဖြစ်ကြောင်း၊ ဆိုင်ရှင်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ထို ထိုင်းနိုင်ငံသားများမှာ အမည်ခံများသာဖြစ်ဖွယ်ရှိပြီး မူရင်းပိုင်ရှင်မှာ မြန်မာနိုင်ငံသားများဖြစ်ဖွယ်ရှိသည်ဟုလည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက သုံးသပ်သည်။

“ထိုင်းမှာ ဖြစ်နေတာက မြန်မာနိုင်ငံသားက ငွေစိုက်ပြီးတော့ ဈေးဆိုင်ဖွင့် Work ပါမစ်တွေ ဘာတွေ ကိစ္စရှုပ်မှာ စိုးလို့ အဲဒီလိုလုပ်ကြတာများတယ်။ ထိုင်း နိုင်ငံသားတစ်ယောက်ယောက်က နာမည်ခံပေးကြတာ။ အခု လည်း အဲဒီလို ဖြစ်တဲ့သဘောပါ။ ကိုယ့်အရင်းအနှီးနဲ့ကိုယ် အလုပ်သမားလို နေရတယ်။ ပြီးရင် အမြတ်ကို နာမည်ခံပေးတဲ့ ထိုင်း နိုင်ငံသားတွေကို ခွဲပေးရတယ်။ အဲဒီလိုလုပ်နေသူတွေအများကြီး”ဟု ထိုင်းနိုင်ငံတွင် နေထိုင်သော မြန်မာ နိုင်ငံသားတစ်ဦးက MT News ကို ပြောသည်။

ပုံစာ။ ထိုင်းနိုင်ငံသားများ အမည်ခံရောင်းချပေးနေစဥ် ဖမ်းဆီးခံရသည့် မြန်မာထုတ်ကုန်များ (Photo – Matichon)

Leave a Reply

Your email address will not be published. Required fields are marked *