October 8, 2024

၈.၁၀.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်တွင် AA က ပထမဆုံးသိမ်းခဲ့သည်ဆိုသော ပေါက်တောနှင့် ဒုတိယ သိမ်းခဲ့သည်ဆိုသော ပုဏ္ဏားကျွန်းတို့ကို ယနေ့ တစ်ပြိုင်နက်တည်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၈ ရက် နံနက် ၁ နာရီခွဲခန့်က ပေါက်တောမြို့နယ် တောင်ဖူး၊ သဲခု၊ မင်းတဲနှင့် တောင် ဦးမော်ကျေးရွာဒေသဘက်သို့လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်၊ အိုင်ဒင်၊ မြောင်ကြီး၊ ပန်းနီ လာ ဘက်သို့လည်းကောင်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ပေါက်တောမြို့နယ်အတွင်း အထိအခိုက်အပျက်အစီးမရှိသော်လည်း ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာ စာသင်ကျောင်းတွင် AA ဖွင့်လှစ်ထားသော ပန်းနီလာဆေးရုံအနီး ဗုံးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားကြောင်း၊ ပန်းနီလာဆေးရုံဆိုသည်မှာ AA က ပုဏ္ဏားကျွန်းမြို့နယ်ကို သိမ်းသည်ဆိုသည့် နောက်ပိုင်း ပန်းနီလာကျေးရွာ စာသင်ကျောင်းကို AA အဖွဲ့က တိုက်ပွဲအတွင်းဒဏ်ရာရပါက ကုသမှုပေးနိုင်ရန် ယာယီဖွင့်ထားသောဆေးရုံလည်း ဖြစ်ကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲသော်လည်း လူထိခိုက်ဒဏ်ရာ မရရှိကြောင်း သိရသည်။

“AA ဘက်က သူတို့ရွာတစ်ရွာကိုပဲဖြစ်ဖြစ်၊ မြို့တစ်မြို့ကိုပဲ ဖြစ်ဖြစ် သိမ်းတယ်။ အခြေစိုက်တယ်ဆိုတာနဲ့ အဓိက သူတို့ရွေးတဲ့နေရာတွေဟာ ဘုန်းကြီးကျောင်းတွေ၊စာသင်ကျောင်းတွေကို ရွေးတယ်။ အခုကျွန်တော် ပြော တာကို မမှန်ဘူးထင်ရင် မေးကြည့်ပါ။ စာသင်ကျောင်းကို သူတို့ စခန်းချတော့ ကျောင်းသားတွေ စာသင်ဖို့နေရာမရှိတော့ဘူး။ ဘုန်းကြီးကျောင်းဆိုရင်လည်း မအပ်စပ်တဲ့နေရာဆိုပြီး ရှောင်မယ်မထင်နဲ့။ ဘုန်းကြီးကျောင်းကို တပ်ဖက်က လေကြောင်းကနေ ဗုံးချရင်သာ အော်နေကြတာ။ တပ်ကတော့ သူတို့အကြမ်းဖက်လို့ကြေညာထားတဲ့ AA ကို မြေလှန် တိုက်ခိုက်မှာပဲ။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိမှာ တိုက်ပွဲတွေက ရှိနေတာလေ။ ဒါကြောင့် AA ဘက်က ရခိုင်ပြည်သူတွေကို ငဲ့ကွက်သင့်တယ်။ စဉ်းစားရတော့မယ့်အချိန်ရောက်နေပြီလို့ ပြောချင်ပါတယ်။ ကျွန်တော်က ရခိုင်ပြည်သူတွေကို မထိခိုက်စေချင်တဲ့ ဘက်ကပါ”ဟု ရခိုင်တိုင်းရင်းသားတစ်ဦးက လက်ရှိ ဖြစ်နေသည့် ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် MT News က မေးမြန်းစဉ် သုံးသပ်ပြသည်။

AA က ရခိုင်ပြည်နယ်တွင် ပေါက်တောမြို့ကို ဇန်နဝါရီလ ၁၉ ရက်က ပထမဆုံးသိမ်းယူနိုင်ကြောင်း ထုတ်ပြန်ခဲ့ကာ မတ်လ ၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်ကို ဒုတိယသိမ်းခဲ့သည့်မြို့ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ ယမန်နေ့ အောက်တိုဘာလ ၇ ရက်က ရခိုင် ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်ရှိ တန်းလွဲရွာမမြို့ကိုလည်းကောင်း၊ မောင်တော ခရေမြိုင်ကျေးရွာကိုလည်းကောင်း လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် AA လက်နက်ကိုင်များအပါအဝင် လူ ၂၀ ထက်မနည်း သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံစာ-ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာ၌ AA က ဖွင့်လှစ်ထားသည်ဆိုသော ပန်းနီလာဆေးရုံကိုတွေ့ရစဉ် (Photo-CJ)

Leave a Reply

Your email address will not be published. Required fields are marked *