October 8, 2024

၈. ၁၀. ၂၀၂၄
Written by Nyein Kyaw

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်၍ ပြည်သူများနှင့် ပြည်သူ့ဝန်ထမ်းအနေဖြင့် လုံခြုံရေးတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လုံခြုံရေးနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိဘဲ ပြည်သူလူထုပါဝင်သည့် လုံခြုံရေးသည် ပိုမို ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးသည် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ပြည်သူများက အသိရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ပြည်သူများက လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဆိုပါက လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ၎င်းအဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအသိအမြင်များ အမြဲမပြတ်ရှိနေရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်မှု မရှိစေရေးတို့အတွက် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်မှသာလျင် လုံခြုံရေးသည် ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *