October 8, 2024

◾ ရန်ကုန်မြို့ရှိ နက္ခတ်တာရာပြခန်းကိုလည်း အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်မည်ဟု သိရ

၈. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဒလတံတား တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၊ ဒေးဒရဲတံတားမှတစ်ဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းသို သွားရောက်ကြည့်ရှုစစ်ဆေးမှုမှ သိရသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို၏ ယာဉ်ကြောပိတ်ဆို့မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပိုဆောင်ရေးကဏ္ဍဖွံဖြိုး တိုးတက်မှု အပါအဝင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ရန်ကုန်မြို၏ အထင်ကရပြယုဂ် (Landmark) တစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

ဒလတံတား တည်ဆောက်ရေးစီမံကိန်းသည် ပြည်သူများအတွက် အကျိုးပြုသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် တံတားတည်ဆောက်မှုလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အပိုင်းအလိုက် ပြီးစီးစေရေးနှင့် တံတားကြံ့ခိုင်မှုကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်း စွာဖြင့်သွားလာနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ တံတားတွဲဆက်ခြင်းလုပ်ငန်း များစနစ်တကျဖြစ်ရန်လိုကြောင်း၊ သင်္ဘောများ၏ ရေလမ်းကင်းလွတ်မှုကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ရေလယ်တာဝါတိုင်များ အန္တရာယ်ကင်းရှင်းရေးအတွက်လည်း ကြိုတင်စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည် ရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတားစီမံကိန်း တစ်ခုအကောင်အထည်ဖော်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား (Cable – Stayed Bridge) အမျိုးအစားဖြစ်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုနယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်းသို့ပါ သွားရောက်၍ နက္ခတ်တာရာပြခန်းအား အာကာသ ပြခန်းအဖြစ် အဆင့်မြှင့်တင်ရန်ဆောင်ရွက်နေမှု အခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် သွားရောက်စစ်ဆေးခဲ့သည်။

ရန်ကုန်မြိုတော်ဝန် ဦးဗိုလ်ဋ္ဌေးက နက္ခတ်တာရာပြခန်းသမိုင်းကြောင်းနှင့် ပြခန်းဆိုင်ရာ အချက်အလက်များ၊ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ SAC ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲဝင်များသည် နက္ခတ်တာရာပြခန်းအတွင်းရှိ ပြကွက်အလိုက်ပြသထားရှိမှုများနှင့် ကြယ်နက္ခတ်တာရာများကို လေ့လာခြင်းပြကွက်တို့ကို ကြည့်ရှု့စစ်ဆေးခဲ့သည်။

အဆိုပါ နက္ခတ်တာရာပြခန်းအား ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၁၉၈၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားလူငယ်များနှင့်ပြည်သူများ၊ နက္ခတ်တာရာသိပ္ပံဆိုင်ရာဗဟုသုတများ တိုးပွားလာစေရေး၊ ပညာပေးရေးနှင့် အပန်းဖြေပျော်ရွှင်စေရေး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နက္ခတ်တာရာပြခန်းအား အဆင့်မြှင့်တင်မှုများ ပြုလုပ်၍ အာကာသပြခန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *