October 8, 2024

၈. ၁၀. ၂၀၂၄
Written by Nay Moe

လူပျောက်ရှာဖွေရန်ထွက်လာသော ရခိုင်လက်နက်ကိုင် AA ၏ DLEPS (အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့)မှ လက်နက်ကိုင် သုံးဦးကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်၍ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်။

ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၈) နာရီခန့်အချိန်တွင် ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသော ဦးစံရွှေမောင် (၆၇) နှစ် နှင့် အသက် ၆၅ နှစ်အရွယ် မောင်မြအောင်တို့ နှစ်ဦးသည် အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်သွားခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် နေ့လယ်အချိန်အထိ အိမ်ပြန်မရောက်လာသဖြင့် ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာရှိ DLEPS ထံသို့ အသိပေးအကြောင်းကြားလာသောကြောင့် AA လက်နက်ကိုင် (၃) ဦးတို့သည် ပျောက်ဆုံးနေသူနှစ်ဦးအားရှာဖွေရန် နေ့လယ် (၁) နာရီ (၃၀) မိနစ်တွင် ထွက်လာခဲ့ကြသည်။

ထွက်လာ၍ (၅) မိနစ်အကြာ၊ နေ့လယ် (၁) နာရီ (၃၅) မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝအနီးသို့ ရောက်ရှိချိန်၌ ARSA အဖွဲ့မှ ခြုံခိုတိုက်ခိုက်၍ AA လက်နက်ကိုင် (၁) ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်သေဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည့်အပြင် ၎င်းတို့စီးလာသော ဆိုင်ကယ်မှာလည်း အဆိုပါ ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

ခြုံခိုတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း သေဆုံးသော AA လက်နက်ကိုင်မှာ အသက် (၄၁) နှစ်အရွယ် (ဘ) ဦးကျော်သာစိန် -(မိ) ဒေါ်မသိန်း တို့၏သား ဇော်မြင့်ဦး (ခ) ချက်ဖားဖြစ်ပြီး အုတ်တောင်ကျေးရွာဇာတိဖြစ်သည်ဟု သိရသည်။

AA နှင့် ARSA သည် ယခင်က မဟာမိတ်များဖြစ်သော်လည်း ယခုတွင်မူ AA က ဘင်္ဂါလီများကို လူကုန်ကူးခြင်း၊ မူးယစ်ဆေးဖြန့်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ဘင်္ဂါလီနေထိုင်ရာမြို့ရွာများ မီးလောင်တိုက်သွင်းခြင်း၊ ဘင်္ဂါလီများကို လုယက်သတ်ဖြတ်မုဒိမ်းကျင့်ခြင်းများ ကျူးလွန်လာခြင်းကြောင့် ယခုအချိန်တွင် ARSA က AA ကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *