October 8, 2024

၈.၁၀.၂၀၂၄
Written By Zun

AA ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့နယ်ခွဲကို ယမန်နေ့ အောက်တိုဘာလ ၇ ရက် ည ၁၁ နာရီကျော်အချိန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွာမမြို့နယ်ခွဲအတွင်းရှိ အစိုးရရုံးအဆောက်အအုံများ၊ ဆိပ်ကမ်းများတွင် AA က အခြေချနေထိုင်သည်များရှိနေ သောကြောင့် ဗုံးကြဲခံရခြင်းဖြစ်ကြောင်း ရွာမမြို့ခံအချို့က ဆိုသည်။

ယခုဗုံးကြဲတိုက်ခိုက်သည့် တန်းလွဲရွာမမြို့နယ်ခွဲ၊ ရွာသစ်ဈေးအနီးတဝိုက်တွင် ဆေးရုံ၊ စည်ပင်သာယာအဖွဲ့ရုံး၊ လျှပ်စစ်ရုံး၊ မြို့အုပ်ချုပ်ရေးအဖွဲ့ရုံးတို့ ရှိပြီး ယင်းရုံးများတွင် AA က အခြေချနေထိုင်ကြကြောင်းသိရသည်။

“သူတို့က ရွာမ ရွာသစ်ဈေးနားက အုပ်ချုပ်ရေးရုံးမှာနေတာရှိတယ်။ ရွှေပြည်သာဆိပ်ကမ်းဘက်မှာလည်းနေတယ်။ AA က အဖွဲ့ဝင်တွေ လက်နက်တွေကို ဆိပ်ကမ်းက အတင်အချလုပ်တာ ရှိတယ်။ ညက ဗုံးကြဲတာတော်တော်ထိကြတယ်။ သေတာလည်း များတယ်။ ၁၀ ယောက်တော့ ကျော်မယ်ထင်တယ်။ အဲဒီထဲမှာ AA လည်းပါတယ်။ ပြီးတော့ AA ထောက်ခံသူ အရပ်သားလည်း ပါတယ်”ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက MT News ကို ပြောသည်။

AA ဘက်လိုက်မီဒီယာများတွင် ရွာမမြို့ လေကြောင်းတိုက်ခိုက်ခံရသောကြောင့် ကနဦးအနေဖြင့် ၁၅ ဦး သေဆုံးကာ ပျောက်ဆုံးသူ၊ ဒဏ်ရာရသူများရှိနိုင်ကြောင်း ဖော်ပြထားကြသည်။

စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီခန့်အချိန်ကလည်း AA ထောက်ပို့ယာဉ်များနှင့် ထောက်ပို့ပစ္စည်းများထားသော ဂိုဒေါင်အဖြစ်အသုံးပြုထားသည့် အဆောက်အဦများကို တပ်မတော်က လေကြောင်း တိုက်ခိုက်ခဲ့သေးသည်။

ယခု အောက်တိုဘာလ ၃ ရက်ကလည်း AA က အခြေချနေထိုင်သော တောင်ကုတ်မြို့၊ ကင်းတောင်စံပြကျေးရွာကိုလေကြောင်း တိုက်ခိုက်ခဲ့သောကြောင့် ၄ ဦးထက်အနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ရွာမမြို့နယ်ခွဲသည် သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်နှင့် ၁၄ မိုင်ခန့်ကွာဝေးသော နေရာတွင်တည်ရှိပြီး အချို့ ဒေသခံများမှာ လွန်ခဲ့သော ၃ လ ခန့်ကပင် တောင်ကုတ်မြို့ပေါ်နှင့် အနီးအနားကျေးရွာများသို့ တိမ်းရှောင်နေကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *