October 8, 2024

၈.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက လက်ဘနွန်နိုင်ငံ၊ မြို့တော်ဘေရွတ်ကို အောက်တိုဘာလ ၇ ရက်က လေကြောင်းတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်ဟစ်ဇ်ဘိုလာအုပ်စုရဲ့ ဌာနချုပ်တပ်မှူးဖြစ်တဲ့ ဆူဟေးလ် ဟတ်စိန် ဟတ်စိန်နီကို တိကျတဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုနဲ့ ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ က အောက်တိုဘာလ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာအုပ်စုရဲ့ ဂျီဟတ်ကောင်စီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ ဟတ်စိန်နီဟာ အီရန်နဲ့ သူတို့အုပ်စုအကြား လက်နက်လွှဲပြောင်းရယူမှုမှာ ပါဝင်ဆောင်ရွက်ရကာ ဟစ်ဇ်ဘိုလာအုပ်စုရဲ့ တပ်ဖွဲ့တွေထံ ခေတ်မီလက်နက်တွေဖြန့်ဖြူးနိုင်ရေးတာဝန်ရှိသူဖြစ်ပါတယ်။

ဟစ်ဇ်ဘိုလာအုပ်စု ဌာနချုပ်က သူတို့အုပ်စုအတွက် လက်နက်ဝယ်ယူရေးကိုစောင့်ကြည့်ပြီး အုပ်စုရဲ့ တပ်ဖွဲ့ခွဲများစွာကို စီမံခန့်ခွဲရတာပါ။

ဟစ်ဇ်ဘိုလာအုပ်စု ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ က ဟတ်စိန်နီ စောင့်ကြည့်ကြီးကြပ်ရတဲ့ အဖွဲ့ ခွဲတစ်ခုဖြစ်ပြီး ဒုံးကျည်တွေထုတ်လုပ်ရေးနဲ့ လက်ဘနွန်နိုင်ငံအတွင်း သိုလှောင်ရေးနဲ့လက်နက်သယ်ယူ ပို့ဆောင်ရေးတို့ကို ဆောင်ရွက်ရတာပါ။

ဒါ့ပြင် ဟတ်စိန်နီက လက်ဘနွန်နိုင်ငံမှ အစ္စရေးနှင့်ဆီးရီးယားနိုင်ငံအတွင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပါအဝင် ဟစ်ဇ်ဘိုလာအုပ်စုရဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်ရေးနဲ့ ငွေကြေးထောက်ပံ့ရေးအတွက်ပါ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေပါသေးတယ်။

ဟတ်စိန်နီကို လေကြောင်းတိုက်ခိုက်မှုအတွင်း ရှင်းလင်းသုတ်သင်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာအပြီး မကြာခင်လေးမှာဘဲ အစ္စရေးလုံခြုံရေးတပ်ဖွဲ့က ဗိုလ်ချုပ် Guy Tzur နဲ့တွေ့ဆုံမေးမြန်းမှုကို 103FM သတင်းဌာနက ထုတ်လွှင့်ခဲ့ရာမှာ “အထင်ကြီးလောက်စရာ အရေးကြီးတဲ့ ရန်သူခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှုတွေကို အစ္စရေးက လုပ်နိုင်ပေမယ့် အစ္စရေးအနေနဲ့ ကျရှုံးနေတာတစ်ခုရှိတယ်။ ဒါက စစ်ရေးဆောင်ရွက်မှုက နိုင်ငံရေးအရ ရည်မှန်းချက်တွေနဲ့လည်းတစ်ခါတည်း ကိုက်ညီ ရောက်ရှိနိုင်ဖို့ပဲ။ ကျွန်တော့်အနေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း လုပ်ကြံနေမှုကို သိပ်မထောက်ခံချင်ဘူး။ ရန်သူရဲ့ အမိန့် ပေးယန္တရားကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်အောင်ဆက်လက်ပြီးလုပ်ကြံတိုက်ခိုက်ရမယ်” လို့ ပြောသွားတာ တွေ့ရပါတယ်။

Ref -Jerusalem Post

Leave a Reply

Your email address will not be published. Required fields are marked *