October 8, 2024

၈.၁ဝ.၂၀၂၄
Written by K Pyay Thein

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံက အားပေးထောက်ခံမှုတွေအများကြီးရှိနေတယ်လို့ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ထားကြပါတယ်။

“အခု တရုတ်‌က ရွေးကောက်ပွဲကို ထောက်ခံတယ်။ ရွေးကောက်ပွဲကိုသာ ဖြစ်အောင်လုပ် သူတို့ အစစအရာရာ အားလုံးကူညီ‌ထောက်ပံ့ပေးမယ်ဆိုတဲ့အနေအထားမျိုးမှာ ရှိ‌နေတယ်။ နောက်တစ်ခါ မြန်မာနဲ့ပတ်သက်လို့ တရုတ်ရဲ့အကျိုးစီးပွားတွေက အများကြီးရှိတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ကိုခန့်(မန္တလေး)က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိကျင်းပမယ့် ရွေးကောက်ပွဲအခင်းအကျင်းတွေနဲ့ ပတ်သက်လို့ သူရဲ့အမြင်ကို အခုလိုဆက်ပြီး သုံးသပ်‌ပြောပြခဲ့ပါတယ်။

“နစကဘက်က ရွေးကောက်ပွဲကိုသွားမယ်။ နိုင်ငံရေးလမ်းကြောင်းအရသွားမယ်။ ဖက်ဒရယ်စနစ်နဲ့သွားမယ်။ PR လမ်းကြောင်းနဲ့ သွားမယ်။ သူတို့ကတော့ ဒီသဘောရှိပါတယ်”လို့ သူက ထပ်လောင်းပြောပြခဲ့ပါတယ်။

အခုနှစ်အတွင်းမှာ လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ ခရီးစဉ်အတွင်းမှာ နစကဥက္ကဋ္ဌအပါအဝင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့နဲ့ တွေ့ဆုံခဲ့စဉ်မှာလည်း မြန်မာ့ရွေးကောက်ပွဲ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်က ထည့်သွင်းဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံက အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင်ပြေစွာကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြန်လည်စတင်ဖို့ အမြဲတစေထောက်ခံတယ်လို့ ပြောကြားမှုတွေလည်းရှိထားပါတယ်။

နစကဘက်ကလည်း ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ပွားခဲ့ခြင်းနဲ့ နိုင်ငံရေးအရ မသမာမှုပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံရေးပြဿနာအရ တပ်မတော်က အာဏာကိုရယူထိန်းသိမ်းရခဲ့ခြင်းသာဖြစ်တယ်လို့လည်း ထုတ်ပြန်‌ကြေညာထားသလို နစက ဥက္ကဋ္ဌ အနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကို မ‌ဖြစ်မနေ ကျင်းပ‌ပေးသွားမယ်လို့ အတိအလင်း ထုတ်ပြန် ကြေညာထားတာလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နစကဘက်က လာမယ့်နှစ်မှာကျင်းပပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာမဟုတ်ရင်တောင်‌ ရွေးကောက်ပွဲကျင်းပလို့ရနိုင်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ကျင်းပနိုင်ဖွယ်ရာရှိ‌နေပြီး နိုင်ငံရေးလမ်းကြောင်းနဲ့ လွှတ်တော်လမ်းကြောင်းကို ပြန်သွားချင်တဲ့ နစကရဲ့သဘောဆန္ဒကိုတွေ့မြင်ရတယ်လို့ နိုင်ငံရေး‌
လေ့လာသုံးသပ်သူတွေက သုံးသပ်ရှုမြင်ထားကြပါတယ်။

“၂၀၂၅ မှာ နစက က သူတို့ကတိအတိုင်း ရွေးကောက်ပွဲလုပ်တယ်ဆိုတာကို ကမ္ဘာကိုပြချင်တာ။ ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွားနေတယ်ဆိုတာကိုလည်း ပြချင်တယ်။ ရွေးကောက်ပွဲပြီးရင် တက်လာတဲ့အစိုးရက နိုင်ငံတကာနဲ့ယှဉ်တဲ့အခါမှာ Legitimacy ပိုရလာနိုင်တယ်။ တောင်းဆိုလို့ရတာတွေ အများကြီးရလာနိုင်မယ်။ မြန်မာကလည်း တရုတ်အတွက် အရမ်းကိုအရေးကြီးတဲ့နိုင်ငံဖြစ်တယ်။ ဒါကြောင့် တရုတ်က မြန်မာ့ရွေးကောက်ပွဲကို ထောက်ခံတယ်။ တရုတ်-မြန်မာချစ်ကြည်ရေးကလည်း ဟိုးအစဉ်အဆက်တည်းက ခိုင်မြဲလာတယ်။ တရုတ်လည်း အောင်မြင်ရမယ်၊ မြန်မာလည်းအောင်မြင်ရမယ်ဆိုတဲ့မူနဲ့ပဲ သွားနေတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ အမည်မဖော်လိုသူ ပြည်တွင်းရှိဝါရင့်သတင်းစာ ဆရာတစ်ဦးက ထပ်မံပြောပြခဲ့ပါတယ်။

ဓာတ်ပုံ – မြန်မာဆိုင်ရာ တရုတ်သံရုံး။

#မြန်မာ့ရွေးကောက်ပွဲ #နစက #တရုတ်နိုင်ငံ

#၂ဝ၂၅ #အားပေးထောက်ခံမှု #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *