October 8, 2024

၈.၁၀.၂၀၂၄
Written By Thandar

ပရိသတ်နဲ့ရင်ဘတ်ချင်းထိစေတဲ့ သီချင်းတွေများစွာ သီဆိုခဲ့တဲ့ တေးရေး တေးဆို ဟဲလေးက‌ “ချစ်တိုင်းလည်းမညား” သီချင်းက ၂၀၂၃ ခုနှစ်အတွက် Flow App က Most Streamed in November 2023  နားထောင်သူ အများဆုံးဆုရလို့ ဝမ်းသာသလို သီချင်းတွေ ဖန်တီးဖို့ခွန်အားတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော် ဒီသီချင်းလေး စလုပ်ဖြစ်ခဲ့တာ မနှစ်ကပေါ့။ ၂၀၂၃ ခုနှစ် ဇူလိုင်လလောက်က ညီလေးလွှမ်းပိုင်က အကိုနဲ့လိုက်တဲ့ သီချင်းလေးတစ်ပုဒ်ဆိုဖို့ ရေးထားတာပြမယ်ဆိုတော့လေ ညီလေးပို့လိုက်လို့ ဆိုပြီး နားထောင်ပြီးပြန်ပို့လိုက်တယ်။ သူ့ကို Featuring ဆိုဖို့ စနားထောင်လိုက်ကတည်းက ကိုယ့်အသံနဲ့လိုက်နေတယ်။ ကိုယ့်အတွက်ရေးပေးထားသလိုလည်း သီချင်းက ဖြစ်နေတယ်လေ။ လွှမ်းပိုင်နဲ့တွေ့မှ အကိုရဲ့ လိုက်ဖက်မယ့်ပုံစံ သူရေးပေးထားတာဖြစ်နေတာ။ ဒီသီချင်းကောင်းလေး အကိုကို့ သူပေးလိုက်တာပေါ့။ မနှစ်က ၁၀ လပိုင်း ထွက်ထွက်ခြင်းပဲ အောင်မြင်ခဲ့တယ်။၂၀၂၃ ရဲ့ နားထောင်သူ ပရိသတ်အကြိုက်အများဆုံးဆုရလို့ ဝမ်းသာရတယ်။ ပရိသတ်အကြိုက်နဲ့ တစ်သားတည်းကျပြီးတော့ ဒီဆုလေးရလို့လည်း ပျော်ပါတယ်။ သီချင်းတွေအထွက်ကြဲတဲ့ကာလမှာ ဒီဆုလေးရလို့ သီချင်းလုပ်ဖို့ ခွန်အားပြန်ရလာပါတယ် ”လို့ အဆိုတော် ဟဲလေးက ပြောပါတယ်။
 
အဆိုပါ တေးသီချင်းကိုတော့ တေးရေး တေးဆို လွှမ်းပိုင်က ရေးသားပေးပြီး Featuring အနေနဲ့ ပါဝင်သီဆိုထားကာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဆိုတော်ဟဲလေးနဲ့ အဆိုတော် လွှမ်းပိုင်နဲ့ အပြင်မှာ သိပ်မတွေ့ဖြစ်ကြဘဲ သီချင်းကို Online က ပေးခဲ့ကြပြီး ထွက်ရှိခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုတော် လွှမ်းပိုင်ကတော့ “ချစ်တိုင်းလည်းမညား” သီချင်းကို ၂၀၁၇ ခုနှစ်ကတည်းက ရေးသားထားတယ်လို့ သိရပါတယ်။

“ညီလေး လွှမ်းပိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ အကိုနဲ့လိုက်ဖက်မယ့် သီချင်းလေးကို ပို့ပေးလို့လည်းလေ။ ဂီတနဲ့ ပတ်သက်ပြီး အရင်ကတော့ FM လိုင်းတွေ ပေးခဲ့တာရှိပါတယ်။ ခုနောက်ပိုင်း သိပ်မရှိပေမယ့် Online  Streamed App ပေါ်လာပြီတော့ ဂီတအနုပညာရှင်တွေ ဆုပေးအပ်လို့လည်း ဝမ်းသာပါတယ်။ ခုနောက်ပိုင်း သီချင်းလုပ်ကြတဲ့ သူတွေအတွက် ခုလို ကြိုးစားမှု မှတ်တိုင်လေးတွေ ပေးအပ်လို့လည်း ရင်ထဲမှာကြည်နူးရတယ်။ ခွန်အားတွေ ဖြစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဟဲလေး #Helay #လွှမ်းပိုင်

HlwanPaing #ချစ်တိုင်းလည်းမညား

MyanmarSinger #FlowApplication #MostStreamedinNovember2023

Leave a Reply

Your email address will not be published. Required fields are marked *