October 8, 2024

၈.၁၀.၂၀၂၄
Written by Hey Mar

ကိုဗစ်ကာလ‌နောက်ပိုင်း မကျင်းပဖြစ်ခဲ့တဲ့ ကျိုက်ထီးရိုး‌စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို မနှစ်က ၂၀၂၃ ခုနှစ်ကနေ စတင်ကာ ဒေသအခေါ် တောင်တော်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အခု ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ စတင်ကျင်းပမယ့် တောင်တော်ဖွင့်ပွဲနဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း မနှစ်ကထက် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုနဲ့ အနီးကပ်ကြီးကြပ်ရေးအဖွဲ့၊ ဂေါပကအဖွဲ့၊ ရင်ပြင်တော်ဈေးသူဈေးသားအဖွဲ့ ၊ တောင်တက်မော်ယာဉ် အသင်းအဖွဲ့၊ ကျန်းမာရေးအဖွဲ့တွေအပါအဝင် လုံခြုံ‌ရေးအဖွဲ့တွေက အထူးအလေးထား ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ကျိုက်ထီးရိုးဘုရားကြီးဂေါပကအဖွဲ့မှ ‌ဥက္ကဋ္ဌ ဦးစိုးလှက MT News ကိုပြောပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ မနက် လေးနာရီအချိန်မှာ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ် မှာ စေတီတော်ကို ပန်း၊ ဆီမီး၊ အမွှေးနံ့သာတွေနဲ့ ပူဇော်ကာ ဩဝါဒစရိယခံ ဆရာတော်ဘုရားကြီး ၂၁ ပါးက တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးမှာလို့ သိရပါတယ်။

“အနုမောဒနာတရား နာကြားပြီးရင် ဩဝါဒစရိယခံဆရာ‌တော်ကြီး‌တွေက စေတီတော်ကို အမွှေးနံ့သာရေတွေနဲ့ ပက်ဖျန်းပူဇော်နေတုန်း ကရင်တိုင်းရင်းသား ရိုးရာအက၊ ပအို့ဝ်တိုင်းရင်းသား ရိုးရာအက‌တွေနဲ့ပါ ပူဇော်ကြမှာပါ။ ပြီးရင် ဆရာတော်ကြီးတွေနဲ့ တောင်တော်ပရိဝုဏ်အတွင်း ဘုန်းကြီးကျောင်းတွေက ဆရာတော်ကြီးတွေအပါအဝင် သံဃာတော်အပါး ခြောက်ဆယ်ကျော်ကို ဆွမ်းဆန်စိမ်းလောင်းပွဲ ကျင်းပပါ့မယ်”လို့ ကျိုက်ထီးရိုးဘုရားကြီးဂေါပကအဖွဲ့မှ ‌ဥက္ကဋ္ဌ ဦးစိုးလှကပြောပါတယ်။

ကျိုက်ထီးရိုးဘုရားကို ဆယ့်နှစ်ရာသီပတ်လုံး လာရောက်ဖူးမြော်နိုင်ပြီး မိုးလေကင်းလွတ်ကာ ပွင့်လင်းရာသီဖြစ်တဲ့ သီတင်းကျွတ်လပြည့်‌နေ့ကနေ က‌ဆုန်လပြည့်အထိ ၇ လတာ ပွဲတော်ကာလကတော့ ဘုရားဖူးဧည့်သည် အဝင်များပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ကျိုက်ထီးရိုးစေတီတော်ကို အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမျှော်သူ ၇၂၂၀၀၀ ကျော် လာရောက်ဖူးမြော်ခဲ့ပြီး အဲ့သည်ထဲကမှ ပြည်ပဘုရားဖူး လေးရာကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂-၂၀၂၃ ခုနှစ် ဘုရားဖူးရာသီက ဘုရားဖူးဧည့်သည် နှစ်သိန်းနီးပါးသာ ဝင်ရောက်ခဲ့ပြီး အဲ့သည့်ထဲမှာ ပြည်ပဘုရားဖူးဧည့်သည်က ၃၀၀၀ ကျော်ပါရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ တောင်ဖွင့်ပွဲမတိုင်မီအချိန်က ကျိုက်ထီးရိုးဘုရား ကင်မွန်းချောင် တောင်တက်မော်တော်ယာဉ်ဂိတ်မှာ KRF အဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး ဘုရားဖူး ၃ ဦး သေဆုံးခဲ့သလို လူ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်းရှိခဲ့တာကြောင့် အခု ၂၀၂၄- ၂၀၂၅ ပွဲတော်ရာသီမှာဘုရားဖူးလာ ပြည်သူတွေ ကိုယ် စိတ်နှလုံး သုံးပါးစလုံး လုံခြုံမှုရှိစွာ ဖူးမြော်နိုင်ရေး အထူးအလေးထားစီစဉ် ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *