October 8, 2024

၈.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိင်ငံ၊ ကိုမီလ်လာခရိုင်အတွင်း ပါဟာပူရ်မြို့အနီး အိန္ဒိယနယ်နိမိတ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးကို အိန္ဒိယ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့က အောက်တိုဘာလ ၇ ရက်က သေနတ်နဲ့ပစ်ခတ်ခဲ့ရာမှာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်ရပ်က အောက်တိုဘာလ ၇ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သတင်းတွေကိုတော့ ဖြစ်ပျက်ပြီး လေးနာရီလောက်ကြာမှ သိရှိခဲ့ကြတာပါ။ ပစ်ခတ်ခံရသူက ကာမယ်လ်ဟော့စိန် ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးဖြစ်ပြီး အသက် ၃၃ နှစ်ရှိတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို အခုလိုပစ်သတ်ခဲ့မှုအား ကန့်ကွက်ကြောင်း ပြောကြားခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့တပ်မှူးက “ဒါပေမယ့်လည်း ဟော့စိန်အနေနဲ့ ဒီလိုနေရာကို ဘယ်လိုအကြောင်းကြောင့် ဘယ်လိုရောက်လာသလဲ၊ ကျွန်တော်တို့ နားမလည်နိုင်ဘူးဖြစ်နေတယ်။ သူ့အလောင်းကို ခွဲစိတ်စစ်ဆေးပြီးရင် မနက်ဖြန်မှာ ပြန်လွှဲပြောင်းပေးမယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားထားတယ်” လို့ အောက်တိုဘာလ ၈ ရက်မှာ ပြောခဲ့ပါတယ်။

၎င်းက ဟော့စိန် နယ်စပ်ကိုဖြတ်ပြီး ၂၅ ကိုက်လောက် အိန္ဒိယနယ်ထဲ ဝင်သွားခဲ့တာမှာ အိန္ဒိယ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့က ပစ်ခဲ့တာလို့ ယုံကြည်ရကြောင်းနဲ့ အလောင်းကိုတော့ သူနာတင်ကားနဲ့ လာသယ်သွားပြီလို့သိရကြောင်းလည်း ဆက်ပြောခဲ့ပါသေးတယ်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *