MT News
၈. ၁၀. ၂၀၂၄
ဆိုင်ကလုန်းမုန်တိုင်းရာဂီရိုက်ခတ်မှုကြောင့် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့သည့် ယခုနှစ် စက်တင်ဘာလအတွင်း မိုးကြီးရေလျှံမှုများစွာဖြစ်ပွားခဲ့သော်လည်း ရွာသွန်းသည့်မိုးရေတွင် အက်ဆစ်ပါဝင်ဖြစ်ထွန်းမှုမရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေးကွန်ရက်(Acid Deposition Monitoring Network in East Asia- EANET)အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက် ရှိသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတစ်ဝန်းရှိ စခန်း ၃၃ ခုမှ မိုးရေနမူနာများ စုဆောင်းရယူခဲ့ကာ မိုးရေနမူနာတိုင်းတာခဲ့ရာ အဆိုပါ စခန်း ၃၃ ခုမှ ရွာသွန်းခဲ့သောမိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး 6.5 – 8.5 အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့သည်။
မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့်စခန်း ၃၃ စခန်းတို့၌ ရွာသွန်းခဲ့သောမိုးရေများသည် pH တန်ဖိုး 6.5 – 8.5 အတွင်းသာရှိခဲ့၍ အက်စစ်ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း တွေ့ရှိခဲ့ရခြင်းလည်းဖြစ်သည်။
တိုင်ဖွန်းမုန်တိုင်းရာဂီအရှိန်ကြောင့် ပုဂံရှေးဟောင်းနယ်မြေ ညောင်ဦးဒေသတွင် စံချိန်တင်မိုးရွာသွန်းခဲ့သလို ပုဂံဘုရား ၁၂ ဆူခန့် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည့်အပြင် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရေကြီးရေလျှံကာ မြေပြိုမှုကြောင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းစာရင်းအရ နိုင်ငံတဝှမ်းမြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊ ရုံးဌာနအဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေးကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှု ၁၇၆၂၄၆ ကောင်အထိ ရှိခဲ့သည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်မတိုင်ခင် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် SAC ဥက္ကဋ္ဌက ညွှန်ကြားထားသလို ပြည်သူများကလည်း ကျပ် ၄၂ ဘီလျံကျော် လှူဒါန်းထားသည့်အပြင် နိုင်ငံတော်ကလည်း ကျပ်ဘီလျံ ၃၀ အသုံးပြုသွားမည်ဟု သိရသည်။