October 8, 2024

၈.၁၀.၂၀၂၄
Written by KL

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် ၂၅၆/၆နှင့် ၂၅၆/၇ကြားတွင် အောက်တိုဘာလ ၇ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်က အရိန္ဒမာ Express ခရီးသည်တင်ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ခရီးသည်တင်ယာဥ်ပေါ် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦးလိုက်ပါလာသော အရိန္ဒမာ Express ခရီးသည်တင်ယာဥ်မှာ ဘရိတ်ရှူးကပ်၍ ယာဥ်၏ နောက်ပိုင်းညာဘက်တာယာ၂လုံးသို့ မီးကူးစက်လောင်ကျွမ်းခဲ့​ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

“ခရီးသည်တင်ကားမှာ ကားဘီး၂ လုံးပဲ မီးလောင်ဆုံးရှုံးခဲ့တယ်။ ခရီးသည်တွေနဲ့ ယာဥ်မောင်းတွေကို ထိခိုက်ဒဏ်ရာရတာတွေမရှိပါဘူး”ဟု အမြန်လမ်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ခရီးသည်တင်ယာဥ်မီးလောင်မှုကြောင့်အသက် ၃၅ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် ပေပင်လေးအမြန်လမ်းရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *