October 8, 2024

၈. ၁၀. ၂၀၂၄
Written by Nyein Kyaw

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်ပျက်စီးခဲ့ပြီး ရပ်နားခဲ့ရသော အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား အမြန်ဆုံးပြုပြင်ဆောင်ရွက်နေပြီး လိုအပ်ပါက ပြည်ပမှကျွမ်းကျင်သူများကိုပါ ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

ဓာတ်အားပေးစက်များ ပျက်စီးမှုအခြေအနေကို အမြန်ဆုံးစစ်ဆေးပြီး လိုအပ်သည်များ ပြုပြင်ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများစုစည်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်ပါက ပြည်ပမှကျွမ်းကျင်သူများ ငှားရမ်းဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မှာကြားခဲ့သည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှုများပြားပြီး ရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံကျမှုကြောင့် ဓာတ်အားပေးစက်ရုံအတွင်း ရေများဝင်ရောက်ခဲ့သည့်အတွက် ဓာတ်အားပေးစက်များ ရေနစ်မြုပ်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် အထက်ပေါင်း‌လောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားများ အမြန်ဆုံးပြန်လည်ထုတ်လုပ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတို့မှ အင်ဂျင်နီယာများပူးပေါင်း၍ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဖွဲ့များခွဲကာ စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားပြီး တပ်ဆင်အင်အားအနေဖြင့် ၇၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်နှစ်လုံးဖြင့် စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *