October 8, 2024

၈.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ချောက်ချားကာ နိုင်ငံအနှံ့ မကျေမနပ်ဆန္ဒပြမှုတွေဖြစ်စေခဲ့တဲ့ ကိုလ်ကတ္တားမြို့မှာ အသက် ၃၁ နှစ်ရှိ အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦးကို ဩဂုတ်လ ၉ ရက်က မတရားပြုကျင့်သတ်ဖြတ်ခဲ့မှုရဲ့ တရားခံလို့ယူဆရသူတစ်ဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၇ ရက်မှာ တရားစွဲခဲ့ပါတယ်။

ကိုလ်ကတ္တားမြို့ရှိ RG Kar အစိုးရဆေးရုံမှာ အလုပ်လုပ်တဲ့ အဆိုပါအမျိုးသမီးအလုပ်သင်ဆရာဝန်မလေးရဲ့ အလောင်းကို ဩဂုတ်လ ၉ ရက်က တွေ့ရှိအပြီးမှာတော့ အိန္ဒိယနိုင်ငံမှာကြာရှည်လှပြီဖြစ်တဲ့ အမျိုးသမီးများကို အကြမ်းဖက်မှု ပြဿနာနဲ့ပတ်သက်လို့ နိုင်ငံတစ်ဝန်း မကျေမနပ်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရပါတော့တယ်။

ဒီအမှုမှာ သံသယရှိသူအဖြစ် ဆန်ဂျွိုင်းရွိုင် ဆိုသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာပါ။ အောက်တိုဘာလ ၇ ရက်မှာတော့ တရားရုံးကိုတင်သွင်းတဲ့ လျှို့ဝှက်အထောက်အထားနဲ့အတူ ရဲတပ်ဖွဲ့က သူ့ကိုတရားဝင်စွဲချက်တင်ခဲ့ခြင်းပါပဲ။

စုံစမ်းထောက်လှမ်းရေးဗျူရိုဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ဆန်ဂျွိုင်းရွိုင်ကို ဆေးရုံဝင်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးအလုပ်သင်ဆရာဝန်အား မတရားပြုကျင့်မှုနဲ့ သတ်ဖြတ်မှုတို့ဖြင့် တရားစွဲထားတယ်လို့ ပြောခဲ့ပါတယ်။

အိန္ဒိယမီဒီယာတွေဖော်ပြချက်အရ ဆန်ဂျွိုင်းရွိုင်ကအသက် ၃၃ နှစ်ရှိပြီး ဆေးရုံမှာ လူနာတွေကို အကူအညီပေးဖို့ စေတနာ့ဝန်ထမ်းလုပ်နေသူတစ်ဦးလို့ ဆိုပါတယ်။ သူ့အနေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခြင်းခံခဲ့ရရင်တော့ သေဒဏ်အထိ ပြစ်ဒဏ်ပေးခံရနိုင်ပါတယ်။

ဒီရက်စက်လှတဲ့ ရာဇဝတ်မှုကြောင့် ကိုလ်ကတ္တားမြို့မှာဆိုရင် ဆရာဝန်တွေက ရက်သတ္တပတ်ပေါင်းများစွာ ဆန္ဒပြ တုံ့ပြန်မှုပြုခဲ့ကြပါတယ်။ အမျိုးသမီးဆရာဝန်တွေအနေနဲ့ လုပ်ငန်းခွင်မှာ စိုးရိမ်ကြောက်ရွံ့မှုမရှိဘဲ ဘေးကင်းစွာအလုပ်လုပ်နိုင်ဖို့ ဆောင်ရွက်ပေးမှုတွေ ချို့တဲ့မှုအပေါ် မကျေမနပ်ဒေါသဖြစ်ခဲ့ကြတဲ့ သာမန်ပြည်သူလူထုတွေကလည်း သောင်းနဲ့ချီလို့ ဆန္ဒပြမှုမှာပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြဆရာဝန်အများစုက လုပ်ငန်းခွင်ပြန်ဝင်ကြပြီလို့သိရပေမယ့် အနည်းငယ်ကတော့ အောက်တိုဘာလအတွင်း အစာငတ်ခံ ဆန္ဒပြမှုကို စတင်နေခဲ့ကြတယ်ဆိုပါတယ်။ ဆရာဝန်တွေက အနောက်ဘင်္ဂလားပြည်နယ်အစိုးရဟာ အလင်းရောင်ရရှိရေး၊ လုံခြုံရေးကင်မရာများတပ်ဆင်ရေး စတဲ့ ကတိပြုချက်တွေ နဲ့ အမျိုးသမီးဆရာဝန်များကို အကာအကွယ်ပြုပေးရေးဆောင်ရွက်ရန်တို့အပေါ် လုပ်ကိုင်ပေးနိုင်ခြင်း မရှိဘူးလို့ ပြောခဲ့ကြပါတယ်။

Ref- AFP

Leave a Reply

Your email address will not be published. Required fields are marked *