October 8, 2024

၈. ၁၀. ၂၀၂၄
Written by Nay Moe

သွေးကင်ဆာရောဂါဖြင့် ယမန်နေ့က မန္တလေးဆေးရုံကြီးတွင် သေဆုံးသွားသည့် NLD ဒုဥက္ကဋ္ဌနှင့် မန္တလေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်မှာ အမေရိကန်ပြည်ထောင်စု၏ အဖိုးတန်မိတ်ဘက်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သံရုံး၏ ဝမ်းနည်းချက်တွင်”အမျိုးသား ဒီမိုကရေစီအဖွဲ့အချုပ် ဒုဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကွယ်လွန်သည့်အတွက် အမေရိကန်ပြည်ထောင်စုက စိတ်ထိခိုက်ရကြောင်းနှင့် မိမိတို့နှစ်နိုင်ငံအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရာတွင် အရေးပါသော ကဏ္ဍမှပါဝင်ခဲ့သော ဒေါက်တာဇော်မြင့်မောင်သည် အမေရိကန်ပြည်ထောင်စု၏ အဖိုးတန် မိတ်ဘက်တစ်ဦးဖြစ်ကြောင်း၊ ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းက အားလုံးပါဝင်နိုင်သော အများကိုကိုယ်စားပြုနိုင်သောဒီမိုကရေစီတစ်ရပ်အတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများအကြောင်း မိမိတို့ကို အမှတ်ရစေ​ကြောင်း၊ ပြည်သူများအားလုံး၏ အခွင့်အရေးကို လေးစားခြင်းနှင့် တိုင်းပြည်အနာဂတ်အတွက် ၄င်းတို့၏ ပြောရေးဆိုခွင့်ကို သေချာမှုရှိစေခြင်းတို့ကသာ မြန်မာနိုင်ငံကို လက်ရှိအကြပ်အတည်းမှ ကျော်လွန်နိုင်စေလိမ့်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံရေးဖြစ်စဉ်များတွင် လွတ်လပ်စွာ ပါဝင်နိုင်ကြရပါမည်ဖြစ်ကြောင်း၊ သက်ဆိုင်သူများအားလုံးနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်စေလိုကြောင်း” စသည်ဖြင့်လည်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖြစ်စဥ်တွင် NLD အစိုးရဟောင်းနှင့် NLD ပါတီတို့ မဲမသမာမှုကို တပ်မတော်က ဖြေရှင်းချက်တောင်းခံစဥ် မဖြေရှင်းဘဲ ထိပ်တိုက်တိုးရန် NLD ပါတီ၏ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌနှစ်ဦးဖြစ်သော သမ္မတဟောင်းဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်တို့က အမာလိုင်းကို ရွေးချယ်ခဲ့သည်ဟု VOA(Voice of America) သတင်းဌာနမှ မြန်မာပိုင်းဌာနမှူးဟောင်းကိုသန်းလွင်ထွန်းက ယမန်နေ့တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ ဒေါ်လာ တစ်ဘီလျံကို NLD အစိုးရဟောင်းက အမေရိကန်သို့ အပ်နှံလိုက်သလို NLD က တစ်ဆင့်ပေါက်ဖွားလာသော NUG ကလည်း အဆိုပါဒေါ်လာတစ်ဘီလျံကို တိုက်ပွဲများတွင်အသုံးပြုရန် ကြိုးပမ်းနေသည်။

မဲမသမာမှုများကို မဖြေရှင်းခဲ့ဘဲ အမာလိုင်းကိုရွေးချယ်ခဲ့မှုကြောင့် ယခုသေဆုံးသူဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့မှာလည်း ထောင်နှစ်ရှည်ကျခဲ့သည်။ ထို့နောက် နွေဦးတော်လှန်ရေးကာလအတွင်း NUG ကလည်း လူ ၃၀၀၀၀ ခန့်သတ်ဖြတ်ထားကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း Reuter Next အစီအစဥ်တွင် ဝန်ခံခဲ့သလို ထိုတိုက်ပွဲများကြောင့် နေအိမ်တစ်သိန်းခန့်လည်း မီးလောင်ပျက်စီးခဲ့ရသည့်အပြင် SAC ကြောင့်လည်း လူ ၆၀၀၀ ခန့်သေဆုံးသည်ဟု AAPP က စွပ်စွဲထားသည်။

NLD ပါတီက မဲမသမာမှုမဖြေရှင်းဘဲ အမာလိုင်းကိုရွေးချယ်ကာ ထိပ်တိုက်တိုးခဲ့မှုကြောင့် နိုင်ငံမှာလည်း သုံးနှစ်ကျော်ကာလအတွင်း စစ်တလင်းဖြစ်ခဲ့ရပြီး ထိုသို့အမာလိုင်းရွေးချယ်မှုတွင် အဓိကတာဝန်ရှိသူ အမေရိကန်၏ အဖိုးတန်မိတ်ဘက် ဒေါက်တာဇော်မြင့်မောင်ကိုမူ ယနေ့နံနက်တွင် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်သည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *