October 8, 2024

၈. ၁၀ ၂၀၂၄
Written by Nyein Kyaw

ရေဘေးသင့်ဒေသများတွင် ထိခိုက်/ပျက်စီးသော စိုက်ပျိုးရေးလုပ်ငန်းများနှင့် တောင်သူလယ်သမားများအတွက် မတည်ငွေ ကျပ်သိန်းပေါင်း ၁၇,၅၀၀ ဖြင့် ဆန်အိတ်၊ မျိုးစပါး၊ ဓာတ်မြေဩဇာများ လှူဒါန်းခြင်းနှင့် အတိုးမဲ့ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးထားသည်။

အတိုးမဲ့ချေးငွေ ထုတ်ချေးနိုင်ရေးအတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့တစ်ဆင့် အရင်းမပျောက်မတည်ငွေအဖြစ် ကျပ်သိန်း ၁၂,၅၀၀ ထည့်ဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆန်အိတ်များ လှူဒါန်းခြင်း၊ မျိုးစပါးများ လှူဒါန်းခြင်း၊ ဓာတ်မြေဩဇာများ လှူဒါန်းခြင်း အစီအစဉ်များအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် အသင်းဝင်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုတို့ဖြင့် လှူဒါန်းငွေကျပ် သိန်း ၅,၀၀၀ ထည့်ဝင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက်ဧက နှစ်သန်းစိုက်ပျိုးမှုအနက် တိုင်ဖွန်းမုန်တိုင်းရာဂီအရှိန်ကြောင့် ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရေလွှမ်းမိုးမှုဒဏ်ခံရသည့် မိုးစပါးစိုက်ဧက တစ်သန်းခန့်ရှိပြီး ကျန်ရှိမိုးစပါးစိုက်ဧက ၁၄ သန်းခန့်သည် ပုံမှန်အတိုင်း စိုက်ပျိုးထားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသသည်။

Leave a Reply

Your email address will not be published. Required fields are marked *