October 8, 2024

၈.၁၀.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ကြီးမှူးကျင်းပမယ့် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံကျော်တေးသံရှင်တွေနဲ့အတူ “ကူညီကမ်းဆက် ဂီတလက်ဖြင့်” ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီကနေ ည ၉ နာရီအထိ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

“ရေဘေးပြန်လည်ထူထောင်ရေးအတွက် ညီမအနေနဲ့ ကိုယ်နိုင်တဲ့ဘက်က တစ်ဖက်တစ်လမ်းက ပါဝင်ကူညီပေးဖြစ်တာပါ။ ညီမက ဒီဖျော်ဖြေပွဲမှာတော့ သီချင်း ၂ ပုဒ်ဆိုဖို့ရှိပါတယ်။ သီချင်းကတော့ ဘယ်သီချင်းဆိုဖြစ်မယ်ဆိုတာ ရွေးချယ်နေတုန်းမို့ပါရှင့်။ ရေဘေးကြောင့် ကြုံတွေ့ရသူတွေအတွက်လည်း တကယ့်ကို ‌စိတ်မကောင်းဖြစ်မိပါတယ်” လို့ အဆိုတော် ဆိုင်စံက MT Enteratinment ကို ပြောပါတယ်။

အဆိုပါ ဖျော်ဖြေပွဲမှာတော့ နိုင်ငံကျော်တေးသံရှင်တွေဖြစ်တဲ့ ကိုင်ဇာ၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ကောင်းဆက်၊ ဇော်ပိုင်၊ ပူစူး၊ နောနော်၊ အောင်လ၊ သာဒီးလူ၊ ဝန၊ အောင်ထက်၊ ဇွဲပြည့်၊ နေမင်းအိမ်၊ L ဆိုင်းဇီ၊ ရတနာမိုင်၊ နီနီခင်ဇော်၊ ဆိုင်းစံ၊ ပိုပို၊ ပန်းရောင်ခြယ်နဲ့ ယွန်းမြတ်သူတို့က သီဆိုပြီးတော့ KB ဥက္ကာဦးသာ၊ Drum အနေနဲ့ စိုးသီဟ(ပါကျဲ)၊ Lead ဝဏ္ဏ၊ Bass ချစ်ဦးမောင်တို့က တီးခတ်ပေးကြမှာလည်းဖြစ်ပါတယ်။

နာမည်ကြီးအနုပညာရှင်တွေပါဝင်တဲ့ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုနားဆင်လိုသူတွေအနေနဲ့ လက်မှတ်တွေကို ကျပ် ၂ သောင်း၊ ကျပ် ၃ သောင်း၊ ကျပ် ၅ သောင်းတို့နဲ့ Junction City၊ Junction Square၊ Yangon International Hotel (Music Box)၊ အမျိုးသားဇာတ်ရုံ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ၊ K pay 09252804308 တို့ကနေလည်း လက်မှတ်တွေဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *