October 8, 2024

၈.၁၀.၂၀၂၄
Written By Zun

ရန်ကုန်သို့ထွက်လာသည့် ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်ကို KNU-PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေစင်စင်္ကြာယာဉ်(2M-9729 )မှာ ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် ယမန်နေ့အောက်တို ဘာလ ၇ ရက် မွန်းလွဲ တစ်နာရီခန့်အချိန် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီးသို့ရောက်ရှိ စဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျည်ထိမှန်သည့်ခရီးသည်မှာ ရန်ကုန်တိုင်း‌ဒေသကြီး၊ကော့မှူးမြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ အရွယ် မနွယ်ရီလင်း ဆိုသူဖြစ်ပြီး လက်ဝဲဘက်ပေါင်ရင်းတွင် လက်နက်ငယ်ကျည် ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

KNU-PDF ပူးပေါင်းအဖွဲ့များအနေဖြင့် မွန်ပြည်နယ်အတွင်းခရီးသည်တင်ယာဉ်များကို ပစ်မှတ်ထား၍ မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများကို အမြဲတစေ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်ညကလည်း သထုံမြိုနယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင် လမ်းမကြီးဘေးရှိ ကမာစိုင်ကျေးရွာတွင် သထုံဘက်မှ ဘီးလင်းဘက်သို့မောင်းနှင်လာသည့် ခရီးသည်တင် အန်စာတုံးမော်တော်ယာဉ်တစ်စီး မိုင်းဆွဲခံရသောကြောင့်မော်တော်ယာဉ်ပေါ်ပါ ခရီးသည်များထဲမှ အသက် ၃၇ နှစ်အရွယ် ဦးဖြိုးဝေကျော်နှင့် အသက် ၃၁ နှစ်အရွယ် ဦးကျော်မျိုးသူတို့ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများစွာရရှိ သေဆုံးခဲ့ကြကာဒေါ်ခင်သန်းဝင်း (၆၀) နှစ်နှင့်အတူ တစ်ရွာတည်းနေ မဖြူစင်မင်း (၂၉) နှစ်၊ မင်းကျေးရွာနေ မရင်ရင် နွယ် (၃၁) နှစ်၊ ဖရဲကျေးရွာနေ ဒေါ်ချိုမာ (၅၂) နှစ်၊ ကျူချောင်းကျေးရွာနေ မဝင်းဝင်းထွေး (၃၃) နှစ်တို့လည်း မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

၎င်းအပြင် ဩဂုတ်လ ၂၄ ရက်၊ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်ကလည်း ရေးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်-ရေး ကားလမ်း၊ လိမ္မော်ခြံကျေးရွာအနီးတွင် ရန်ကုန်မှ ရေးမြို့သို့ မောင်းနှင်လာသော “ရွှေပုလဲ” ခရီးသည်တင်ယာဉ်ကို လက်နက်များဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကားပေါ်၌ လိုက်ပါလာသည့် ခရီးသည် မဝါဝါဝင်း(၂၆)နှစ် နှင့် ဦးတင်ထွေး(၃၄)နှစ်တို့တွင် မှန်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ကုန်တင် Hilux ယာဉ်ကို KNU – PDF ပူးပေါင်းအဖွဲ့က တိုက် ခိုက်ခဲ့သည့်အတွက် ယာဉ်မောင်း မင်းထွန်းဆိုသူ သေဆုံးပြီး ယာဉ်ပျက်စီးခဲ့ရကာ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်ညက ရန်ကုန်မြို့သို့လူနာပို့ရန် သထုံကနေ ထွက်လာသည့် အကြင်နာတွဲလက် လူမှုကူညီရေးယာဉ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် ယာဉ်မောင်းနှင့် ဆေးကုသရမည့် လူနာတို့ ဒဏ်ရာရရှိခဲ့ကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *