October 7, 2024

◾ မစိုးရိမ်ရ ဒဏ်ရာရသူပါ ၃၀ ခန့်ရှိဟု သိရ

၇.၁၀.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ ကြက်ဖြူကန်ကျေးရွာအပိုင်၊ ရန်ကုန် – ပြည် ကားလမ်းမပေါ် အသုံးလုံး မှတ်တိုင်အနီးတွင် စက်ရုံဖယ်ရီကားတိမ်းမှောက်သောကြောင့် တစ်ဦးသေ ဆုံးကာ ၂ ဦးမှာအသက်အန္တရာယ်စိုးရိမ်ရပြီး ၁၄ ဦးမှာ အရေးပေါ်အခြေအနေဖြစ်ကြောင်း သိရသည်။

ဖယ်ရီယာဉ်ပေါ်ပါ အခြား ဝန်ထမ်း ၃၀ ခန့်မှာ ဒဏ်ရာများရရှိသွားကြသော်လည်း ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း မြေပြင်တွင် လိုက်ပါကူညီခဲ့သူတစ်ဦးကပြောသည်။

အဆိုပါ ဖယ်ရီယာဥ်တိမ်းမှောက်မှု ဖြစ်စဥ်ကို ယနေ့ အောက်တိုဘာလ ၇ ရက် ညနေ ၆ နာရီ မိနစ် ၅၀ ခန့်က  သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

“ဒေဝူး စက်ရုံဖယ်ရီမှောက်တာ။ အမျိုးသမီးတစ်ယောက်က ပွဲချင်းပြီးသေတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုး သမီးတစ်ယောက်က အသက်အန္တရာယ်စိုးရိမ်ရတယ်။နောက်ထပ် ၃၀ လောက်ကတော့ ပွန်းပဲ့ကြတာပေါ့။ အ ရေးပေါ် အခြေအနေလူနာတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ရတယ်။ ကျန်တဲ့လူနာတွေကတော့ မှော်ဘီဆေးရုံ မှာ”ဟု ယင်းလိုက်ပါကူညီခဲ့သူက MT News ကို ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား မေတ္တာမြိုင်လူမှုရေး အသင်းယာဉ်၊ စေတနာမွန်လူမှုရေးအသင်းယာဉ်၊ မြို့မလူမှုရေးအသင်းယာဉ်၊ မြင့်မြတ်လူမှုရေးအသင်းယာဉ် နှင့် မဇ္ဇိုမလှိုင်း လူမှုရေးအသင်းယာဉ်တို့ဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-MSFD

Leave a Reply

Your email address will not be published. Required fields are marked *