October 7, 2024

၇.၁၀.၂၀၂၄
Written By Thandar

ပရဟိတမိခင်ကြီးဖြစ်တဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေး အတွက် တတိယအကြိမ်မြောက်အဖြစ် ရမည်းသင်းမြို့နယ်မှာ ကျပ်သိန်း ၅၀၀၀ နဲ့ လိုအပ်နေတဲ့အသုံးအဆောင် အထည်တွေ မျှဝေလှူဒါန်းနေလျှက်ရှိပါတယ်။

“အစ်မက မိန်းကလေးဆိုတော့ ရေထဲဆင်းကယ်တာ မလုပ်နိုင်ဘူး။ လူတွေဒုက္ခရောက်သူတွေကို ကိုယ်တိုင်သွားလှူဖြစ်တယ်။ အမကလည်း သူဌေးမဟုတ်ပါဘူး။ လာလှူတဲ့ငွေတွေကို ဖြစ်တဲ့နေရာတိုင်း ပေးချင်တာပါ။ မျှပြီး လှူဖြစ်ခဲ့တာပေါ့။ တစ်ယောက်စီတိုင်းလည်း မလှူနိုင်ဘူး။ အဲဒီလိုလှူလိုက်ရင် ကျန်တဲ့နေရာတွေ မရဘဲဖြစ် ကုန်မှာပေါ့။ တစ်မြို့နယ်မှာ သိန်း ၅၀၀၀ သတ်မှတ်ရင် အဲဒါနဲ့မျှအောင် လှူဖြစ်ပါတယ်။ အသက်သေဆုံးပြီး အိမ် ဆုံးရှုံးသူကိုပဲ ထိထိမိမိလှူရမလား။ အမ ခွဲခြမ်းစိတ်ဖြာလှူဖြစ်တာပါ။ အမကိုပဲ အားကိုးလို့မရဘူး။ အလှူရှင် ပေါများရင် ရှောင်လိုက်တယ်။ မရောက်တဲ့နေရာတွေကို သွားလှူဖြစ်တယ်။ တကယ်မရောက်တဲ့ကျေးရွာ သွားလှူ ဖြစ်တယ်။ ဒုတိယတစ်ခေါက်ပြန်လာပြီး ဝေဖန်မှုတွေကြောင့် ဘာမှလုပ်ချင်စိတ်မရှိအောင် ဖြစ်သွားခဲ့တယ်။ Image တစ်ခုလုံးနဲ့ ဘဝကို သစ္စာဆိုပြီး ပြောရဲတယ်။ တာချီလိတ်မှာ သူဌေးတွေပဲ သွားမလှူနဲ့ပြောကြတယ်။ သူဌေးလည်း ရေဘေးကြုံရင် ဘာမှ မရှိတော့ဘူးလေ။ သူဌေးဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် တန်းတူဖြစ်သွားမှာပါပဲ။ အမသွားချင်ပေမယ့် အမကလေးတွေကို ဆိုလာကုမ္ပဏီက သိန်း ၅၀၀၀ လာလှူပေးတယ်။ ဒီကလေး အတွက် မလှူပါနဲ့ ဒီရေဘေးအတွက်လှူပေးပါလို့ ပြောဖြစ်ခဲ့တယ်။ လူတွေက အစ်မကို မကောင်းပြောကြတဲ့ အချိန်မှာ စိတ်မကောင်း ဖြစ်ရတယ်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေကပြောပါတယ်။

သူမကတော့ ရမည်းသင်းမြို့နယ်ရှိ ရေဘေးအန္တရာယ်ကြောင့် အိုးအိမ်၊ စီးပွားပျက်စီးသွားကြတဲ့သူတွေ အတွက် ငွေကျပ်သိန်း ၅၀၀၀ နဲ့ အမျိုးသမီးဝတ်အင်္ကျီ၊ ဖိနပ်၊ အမျိုးသမီးအသုံးအဆောင်၊ ဆန် ၊ အနွေးထည်၊ ကလေးဝတ်အထည်တွေ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်၊ရေသန့် စတာတွေ လှူဒါန်းခဲ့ပါတယ်။ ရမည်းသင်းမြို့နယ် က အထက်တန်းကျောင်းသား ၁၅ ဦးကိုလည်း ကျန်ရှိနေသေးတဲ့ နှစ်ဝက်ပညာရေးအတွက် ဘော်ဒါဆောင်မှာ ဆက်လက် ပညာသင်ကြားနိုင်ဖို့အတွက် ကျပ်သိန်း ၁၅၀ ကူညီမျှဝေပေးဖြစ်ခဲ့ပါတယ်။
ခိုင်နှင်းဝေကတော့ စတုတ္ထအကြိမ်မြောက်လည်း တာချီလိတ်က ရေဘေးသင့်ပြည်သူတွေတွေကို ပြန်လည်ထူ ထောင်ရေးအတွက် ဆက်လက် လှူဒါန်းသွားမယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *