October 7, 2024

၇.၁၀.၂၀၂၄
Written By Zun

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာတွင် တစ်ဦးတည်းနေသည့် အသက် ၆၀ ကျော်အမျိုးသမီးကြီး နေအိမ်အတွင်း ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသည်ကို ယနေ့အောက်တိုဘာလ ၇ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ဇာတိဖြစ်ပြီး သုခတော်ဝင်အိမ်ရာအတွင်းရှိ ၎င်းပိုင်တိုက်ခန်းများကို အငှားချထားသူဖြစ်ကာ တိုက်အမှတ်(K-1)၊ အခန်း(၁၃)တွင် တစ်ဦးတည်း နေထိုင်သူ ဖြစ်ကြောင်းလည်း သိရသည်။

အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်သောအဆိုပါအမျိုးသမီးသည် သံဃာတော်များအား နေ့စဉ် ဆွမ်းလောင်းနေသူဖြစ်ပြီး ယနေ့ နံနက်က နေ့ဆွမ်းလောင်းရန် အခန်းမှဆင်းမလာသောကြောင့် အခင်းဖြစ်ရာတိုက်အမှတ် (K1)မှ မိတ်ဆွေ အမျိုးသမီးက တိုက်ခန်းတံခါးကို သွားရောက်ဖွင့်လှစ်ခဲ့စဉ် ဧည့်ခန်း ကြမ်းပြင်ပေါ် ပက်လက် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက် ၁၀ နာရီကျော်လောက်က အဲဒီအန်တီက ဆွမ်းလောင်းဖို့ဆင်းမလာလို့ ဆွမ်းလောင်းနေကြ သူ့အခန်း အနားက အမျိုးသမီးက သွားတက်ကြည့်တာ။ သေနေတာကိုတွေ့လို့ ရဲစခန်းကို ဆက်သွယ်အကြောင်းကြားတာ။ အိမ်တွင်းမှာလည်း မွှေနှောက်ထားတာတွေ့တယ်တဲ့။ သတ်တဲ့သူက ပစ္စည်းတွေပါ ယူသွားတာဖြစ်မယ်။ သူက ပိုက်ဆံရှိတယ်လို့ ပြောလို့ရတယ်။ တစ်ယောက်တည်းနေတာ မကောင်းဘူး။ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်ပေါ့”ဟု သုခတော်ဝင်အိမ်ရာတွင်နေထိုင်သူတစ်ဦးက MT News ကို ပြောသည်။

ယင်းကြောင့် သက်ဆိုင်ရာကိုအကြောင်းကြားကာ စစ်ဆေးမှုများပြုလုပ်ရာ အဆိုပါအမျိုးသမီးကြီးမှာ ရင်ညွန့်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ လက်ယာဘက်နံကြားထိုးသွင်းဒဏ်ရာ (၁)ချက်၊ လက်ဝဲဘက်နံကြား ထိုးသွင်းဒဏ်ရာ (၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရကြောင်း၊ ယင်းအပြင် နေအိမ်တိုက်ခန်းအတွင်း ရွှေ၊ ငွေပစ္စည်းများကိုရှာဖွေထားသော အနေအခြေတွေ့ရသောကြောင့် ရွှေငွေအတွင်းပစ္စည်းများကို ယူဆောင်သွားဟန်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့က ကောက်ချက်ချထားသည်ဟု ယင်းအိမ်ရာတွင် နေထိုင်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *