October 7, 2024

၇. ၁၀. ၂၀၂၄
Written by Nyein Kyaw

အဓိကရထားပိုင်းများတွင် တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး စံသတ်မှတ် ဆောင်ရွက်သွားရန်လိုပြီး ကုန်ရထားတွဲများအား တစ်နာရီလျှင် ကီလိုမီတာ ၆၀ အထိ မောင်းနှင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ(အင်းစိန်)သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးစဉ် ပြောကြားခဲ့သည်။

အဓိက မီးရထားလမ်းပိုင်းများတွင် တစ်နာရီလျှင် ၈၀ ကီလိုမီတာအထိ မြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်ရေးဆောင်ရွက်ရာတွင် အချို့လမ်းပိုင်းအကွေ့ နေရာများအား အမြန်နှုန်းကန့်သတ်ချက်များ ကိုက်ညီမှုရှိစေရေး လမ်းပိုင်းအလိုက် သုတေသနပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါ အမြန်နှုန်းနှင့် ကိုက်ညီမှုမရှိသည့် ရထားလမ်းနေရာများ၊ တံတားနေရာများကိုလည်း လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်၍ မိမိတို့နိုင်ငံရှိ လမ်းပိုင်းများနှင့် ကိုက်ညီသည့် အမြန်နှုန်းစံတစ်ခုကို သတ်မှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ဒီဇယ်လျှပ်စစ်သုံး(DEMU)စက်ခေါင်းများ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌ တည်ဆောက် ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မီးရထားစက် ခေါင်းများနှင့် ရထားတွဲများ ကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်းများစနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ် ဆောင်ရွက်နေရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လျှပ်စစ်ရထား (EMU) ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် မိမိတို့နိုင်ငံတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးသည် မလွဲမသွေပြောင်းလဲရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် လိုအပ်သည်များကို ဆက်လက်သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက်တွင် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စပိန်နိုင်ငံမှ ရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်းအသစ်များအား ကြည့်ရှု့စစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များလည်း မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *