October 7, 2024

၇.၁၀.၂၀၂၄
Written By Zun

ရန်ကုန်မြို့တွင်း ခရီးတင်ယာဉ်လိုင်း YBS – ၁၃၂ ပေါ်တွင် ကားစီးနေစဉ် လူတစ်ဦး ရုတ်တရက် သေဆုံးမှု ယနေ့ အောက်တိုဘာလ ၇ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအဖွဲ့က သိရသည်။

ယနေ့ ညနေ ၄ နာရီအချိန်ခန့်က YBS – ၁၃၂ ပေါ် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရုတ်တရက်သေ ဆုံးသည့်သတင်းကို ရရှိသောကြောင့် အခင်းဖြစ်ရာနေရာသို့ သွားရောက်၍ အကူအညီပေးခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက MT News ကို ပြောသည်။

သေဆုံးသူအမျိုးသားမှာ ရန်ကုန်သို့ နယ်မှတက်လာကာ ခြံတစ်ခုတွင် မာလီအလုပ် လုပ်သူဖြစ်ကြောင်း၊ အလုပ် လုပ်ချိန် နေပူပြင်းသည်ကို မခံနိုင်ခဲ့သောကြောင့်ဟု ကနဦးယူဆရပြီး ကားစီးနေစဉ် ရုတ်တရက် လဲကျသေဆုံးသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“အသက်က ၅၀ ကျော်ပြီ။ ၅၀ ကျော်နဲ့ ၆၀ ကြားလောက် ရှိမယ်။ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူက နယ်က ဖြစ်ပါတယ်။ ဘယ်နယ်ကဆိုတာတော့ မပြောတော့ပါဘူး။ နယ်ကမိသားစုတွေ လာကြပြီလို့သိရတယ်။ မိသားစုနဲ့ အဆက်အသွယ်ရပါတယ်။ ဘာကြောင့်သေတယ်ဆိုတာတော့ ဆေးရုံမှာ စစ်ဆေးမယ်ထင်ပါတယ်”ဟု ယင်းအဖွဲ့ ၏ တာဝန်ရှိသူက ဆိုသည်။

ယင်းကြောင့် အသင်း၏လူနာတင်ယာဉ် (Ambulance) ဖြင့် ထိုရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကူညီ ပေးခဲ့ကြကြောင်း သိရသည်။

YBS – ၁၃၂ ယာဉ်မှာ YBS – ၁၃၂ ကို နံပါတ်ပြောင်းလဲထားသော ယာဉ်ဖြစ်ပြီး အနောက်ပိုင်းတက္ကသိုလ် – လင်းစဒေါင်း ၊ အနောက်ပိုင်းတက္ကသိုလ် – ဗိုလ်တထောင်ဘုရားသို့ ပြေးဆွဲနေသော ယာဉ်လိုင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *