October 7, 2024

ဖြိုးဝေ
၇. ၁၀. ၂၀၂၄

စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာ နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်နဲ့ ချေးငွေတွေ ထုတ်ချေးပေးနေတာဟာ စီမံကိန်းစတင်တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ နိုင်ငံတစ်ဝန်း မြို့နယ် ၁၈၇ ခုက တောင်သူ ၅၇၉၀ တို့ကို ချေးငွေကျပ် ၂၄၄၄၁၃ ဒသမ ၀၇၂ သန်း ထုတ်ချေးပေးထားတယ်ဆိုတဲ့ ရက်သတ္တပတ်မှာပဲ ဇူလိုင်လအတွင်း တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့တဲ့ ဒေါ်လာစျေးနဲ့ အခြားနိုင်ငံခြားငွေတွေ တန်ဖိုးပြန်လည်ကျဆင်းဖို့အတွက် ဗဟိုဘဏ်က ဩဂုတ် ၁ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ နှစ်လကျော်အတွင်း ဒေါ်လာ သန်း ၃၃၀ ကျော်၊ ယွမ်သန်း ၃၀ ကျော်နဲ့ ထိုင်းဘတ်သန်း ၃၂၀ ကျော် ထုတ်ရောင်းပေးထားတယ်လို့ သိရပြီး စျေးကစားဆွဲတင်ထားခဲ့တဲ့ နိုင်ငံခြားငွေတွေလည်း တန်ဖိုးပြန်လည်ကျဆင်းခဲ့တာ တွေ့မြင်ရပါတယ်။

အခြားဖြစ်စဉ်တွေအဖြစ်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ချမှတ်ခဲ့တဲ့ စီးပွားရေးဦးတည်ချက်တွေနဲ့အညီ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (MSME) ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတော်က ငွေကျပ် ၁၅၀ ဘီလျံမတည်ပြီး သက်သာတဲ့အတိုးနှုန်းနဲ့ ချေးငွေတွေကို Participating Financial Institutions (PFI) ဘဏ်တွေကတစ်ဆင့် စနစ်တကျ ထုတ်ချေးနိုင်ဖို့အတွက် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့အစည်းတွေအဖြစ် နိုင်ငံပိုင်ဘဏ်တွေဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နဲ့ ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးကြတဲ့ဖြစ်စဉ်၊ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့လို့ ထိခိုက်၊ ပျက်စီးခဲ့တဲ့ သီးနှံတွေပြန်လည်စိုက်ပျိုးဖို့ အရင်းမပျောက်မတည်ငွေနဲ့ မျိုးစေ့၊ ရွက်ဖျန်းမြေဩဇာနဲ့ ပိုးသတ်ဆေး အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်မယ်ဆိုတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မော်တော်ယာဥ်တွေကို စမတ်ကတ်နဲ့ စက်သုံးဆီရောင်းမဲ့အကြောင်း၊ သုံးလဆက်တိုက် ကျဆင်းခဲ့တဲ့ မြန်မာ့ကုန်ထုတ်လုပ်မှု စီးပွားရေးအခြေအနေ ဆက်လက်ဆိုးဝါးနေပြီး အမြန်ပြန်ကောင်းနိုင်မယ့်အခြေအနေ အနည်းငယ်သာရှိတယ်ဆိုတဲ့အကြောင်းနဲ့ မြဝတီ လမ်းကြေးကနေ လစဉ် သိန်း ၄၀၀၀၀ ကျော်ရနေတဲ့ ကရင်လက်နက်ကိုင်တွေရဲ့ အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

◾ စက်သုံးဆီစမတ်ကတ်

ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီစမတ်ကတ်စနစ်ကို မကြာမီ စမ်းသပ်တော့မယ်လို့ အရင်လတွေက သတင်းတွေထွက်ပေါ်လာပြီး ဒီလဆန်းမှာ ဆီအသင်းဘက်က အတည်ပြုခဲ့သလို သတင်းတချို့မှာလည်း စမတ်ကတ်နဲ့ တစ်ရက်တစ်ကြိမ်ပဲ ဓာတ်ဆီနဲ့ ဒီဇယ်ဝယ်ယူခွင့်ပြုမယ်ဆိုပြီး ဖွကြတာကြောင့် လက်ရှိမှာကို ဆီပြတ်လိုက်၊ ၃၀၀၀၀ ဖိုးနဲ့ ၅၀၀၀၀ ဖိုး ရောင်းပေးသလောက်ပဲ ဝယ်ယူလိုက်၊ တန်းစီရလိုက်ဖြစ်နေတဲ့ မော်တော် ယာဉ်စီးနင်းသူတွေကြား ဂယက်ရိုက်မှုတွေ ရှိလာပါတယ်။

တစ်ဖက်မှာလည်း ဒီစမတ်ကတ်က ပြည်တွင်း စက်သုံးဆီ သုံးစွဲမှုပမာဏကို တိတိကျကျသိရှိပြီး စက်သုံးဆီဘယ်လောက်တင်သွင်းရမယ်ဆိုတာကို ဆောင်ရွက်နိုင်ဖို့အတွက် စက်သုံးဆီဝယ်ယူခွင့်စမတ်ကတ်တွေ လုပ်နေတာဖြစ်ပြီး ဒီစမတ်ကတ်တွေက ATM Card တွေလို ငွေကြေးထည့်သွင်းပြီး ဆီဝယ်ယူရတဲ့ ကတ်စနစ်မျိုးမဟုတ်ဘဲ ဆီဝယ်ယူချိန်မှာ ကားနံပါတ်၊ ယာဉ်အမျိုးအစားနဲ့ ဝယ်ယူတဲ့ ဆီအမျိုးအစားကိုပဲ ဒေတာကောက်ယူမယ့် ကတ်အမျိုးအစားသာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရေးအသင်း (MPTA) က ဖြေရှင်းလာတာ ရှိပါတယ်။

တိုးတက်တဲ့နိုင်ငံတွေမှာ စစ်တမ်းတွေ၊ အစီရင်ခံစာတွေဟာ အလုပ်ဖြစ်ပေမဲ့ မြန်မာလိုနိုင်ငံမျိုးတွေမှာ ဒီလို သုတေသနတွေ အသုံးရကောင်းမှန်းမသိသလို လက်ရှိကာလလို လေယာဉ်ဆီပိတ်ဆို့ဖို့ အလုံးစုံ ပျက်သုဉ်းရေးသမားတွေ တောင်းဆိုနေတဲ့ကာလမှာ ဘာဆီသွင်းသွင်း နာမည်ဖျက်ခံရ၊ ဘာလုပ်လုပ် မကောင်းတာနဲ့ လှုံ့ဆော်ပြီး အစိုးရနဲ့လုပ်ငန်းရှင် နာမည်ပျက်အောင်ပဲ ဖျက်နေကြတဲ့ကာလမှာ စမတ်ကတ်က တကယ်လိုအပ်သလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာနေပြန်ပါတယ်။ ဒါ့အပြင် ရန်ကုန်ကား၊ နယ်ကားတွေကို Division Code နဲ့ မြိုနယ်အလိုက် နံပါတ်တွေကိုပါ ခွဲထားတာကြောင့် ဒီမြို့နယ်မှာ ဒီကားတွေပဲ ဆီဝယ်ယူလို့ရပြီး ဟိုမြို့နယ်ကား ဆီမရောင်းဘူးဆိုပြီး သတ်မှတ်မလား တွေးကြောက်နေပြီး ရန်ကုန်က နယ်ကားတွေ အခက်ကြုံ၊ စျေးပြိုကျမှာကိုလည်း နယ်ကားတွေ စိုးရိမ်နေကြတာပါ။ အခြားသောတစ်ဖက်မှာလည်း Without ကားက လိုင်စင်ကားထက်များနေတာ၊ ဆိုင်ကယ်တွေဟာ ကားထက် အဆရာချီများနေတာတွေကြောင့် စမတ်ကတ်စနစ်က တရားဝင်လိုင်စင်နဲ့ဆီသုံးစွဲမှုသိဖို့ပဲရှိနိုင်ပြီး ယာဥ်အားလုံးဆီသုံးစွဲမှုသိဖို့ မဖြစ်နိုင်တာတွေကလည်း အသေအချာဖြစ်နေသေးတာပါ။ ဒါ့အပြင် စမတ်ကတ်စနစ်ကလည်း အစိုးရဘက်က တရားဝင်ကြေညာတာမရှိဘဲ ဆီအသင်းဘက်က လုပ်တဲ့သဘောသာဖြစ်နေတာကိုလည်း တွေ့ရတာကြောင့် ဒီစနစ်က အလုပ်မဖြစ်ဘဲ လူထုကြားဂယက်ရိုက်ရုံ၊ အခက်အခဲတွေ ထိုးနှက်မှုတွေ အဆင်မပြေဘဲ အပြောခံရရုံစနစ်ဖြစ်မလားဆိုတာလည်း အကျိုးအပြစ် ချိန်ဆဖို့ လိုအပ်မှာပါ။

◾ အမြန်ပြန်ကောင်းနိုင်မဲ့အခြေအနေ အနည်းငယ်ပဲရှိတဲ့ မြန်မာ့ကုန်ထုတ်စီးပွားကျဆင်းမှု

သုံးလဆက်တိုက် ကျဆင်းခဲ့တဲ့ မြန်မာ့ကုန်ထုတ်လုပ်ငန်းတွေရဲ့ စီးပွားရေးအခြေအနေဟာ ဆက်လက်ဆိုးဝါးနေပြီး အမြန်ပြန်ကောင်းနိုင်မယ့်အခြေအနေ အနည်းငယ်သာရှိတယ်လို့ ဂျပန်အခြေစိုက်နစ်ကေးအေးရှားရဲ့ S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ၄၅ ဒသမ ၅ သာရှိခဲ့လို့ ပြီးခဲ့တဲ့ ရှစ်လတာအတွင်း အနိမ့်ဆုံးဖြစ်တဲ့ ဩဂုတ်လရဲ့ PMI အညွှန်းကိန်း ၄၃ ဒသမ ၄ ထက် အနည်းငယ်တိုး တက်မှုရှိခဲ့ပေမဲ့ သုံးလဆက်တိုက် အလယ်အမှတ် ၅၀ အောက် ဆက်ရှိနေခဲ့သလို ဒီလိုကျဆင်းမှုက အမြန်ပြန်ကောင်းနိုင်ချေကလည်း အနည်းငယ်ပဲ ရှိနေတာပါ။

ကုန်ထုတ်လုပ်မှုအတွက် အဓိကကျတဲ့ လျှပ်စစ်မီးရဲ့ ၃၀ ရာခိုင်နှုန်းကျော်ဟာ PDF တွေ လက်နက်ကိုင်တွေကြောင့် ပြည်သူတွေအသုံးမပြုနိုင်ဖြစ်နေရသလို ကုန်ထုတ်လုပ်မှုတွေအပေါ် ဂယက်ရိုက်လာတဲ့အပြင် ရေကြီးရေလျှံမှုနဲ့ ကုန်ကြမ်းထွက်ရှိမှု ကန့်သတ်ချက်တွေများလာတာ၊ ငွေကြေးဖောင်းပွမှုတွေကြောင့် ကုန်စည်မှာယူမှုအသစ်တွေ ရောက်မလာတာ စတဲ့ အခက်အခဲတွေ အများအပြားကလည်း ဖြစ်နေရသေးတာပါ။ လျှပ်စစ်မရလို့၊ ကုန်စည်စျေးတက်လို့၊ စစ်ဖြစ်နေလို့၊ ကုန်ကြမ်းမထုတ်နိုင်လို့၊ ဆီစျေးတက်လို့၊ ဆက်ကြေးပေးရလို့ ဆိုတဲ့ ခေါင်းစဉ်မျိုးစုံအောက်မှာ ပြည်သူတွေရဲ့ ဝယ်ယူစားသုံးနိုင်မှုကလည်း ကျဆင်းလာတာကြောင့် မြန်မာ့စီးပွားကျဆင်းမှုနဲ့အတူ ကုန်ထုတ်လုပ်မှုကလည်း ထိုးကျလာပြီး ဒီအခြေအနေဆိုးတွေကလည်း စစ်ပွဲတွေကို အားပေးနေသရွေ့တော့ လွတ်လမ်းမရှိဘဲ ဆက်ဖြစ်နေဦးမှာပါ။

◾လမ်းကြေးကနေ လစဉ် သိန်း ၄၀၀၀၀ ကျော်ရပြီး စီးပွားဖြစ်နေတဲ့ ကရင်လက်နက်ကိုင်

ကရင်ပြည်နယ်၊ ဒေါနတောင်ဖြတ်တောလမ်းတွေကိုထိန်းချုပ်ထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လမ်းကြေးကောက်ခံမှုတွေကတစ်ဆင့် တစ်လပျမ်းမျှ မြန်မာကျပ်ငွေ သိန်းပေါင်းလေးသောင်းဝန်းကျင်အထိ အကျိုးအမြတ် ရရှိနေတယ်လို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)က ဖွင့်ချ ရေးသားလာပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်ပြည်နယ်အတွင်းက မြဝတီနဲ့ ကော့ကရိတ်ဒေသတွေမှာဖြစ်ပွားခဲ့တဲ့ ကရင်လက်နက်ကိုင် KNU/KNLA ပူးပေါင်းတပ်တွေနဲ့ နစက တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စီးပွားရေးအရ အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို စုစုပေါင်း ငါးကြိမ်ထက်မနည်း ယာယီပိတ်ခဲ့ရတာပါ။ နောက်ဆုံးပိတ်ဆို့မှုအဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေက ကော့ကရိတ်နဲ့ မြ၀တီကို မြို့သိမ်းတိုက်ပွဲစချိန်မှာ ပိတ်ထားတဲ့အာရှလမ်းမကြီးဟာ အခုချိန်အထိ ပြန်မဖွင့်နိုင်သေးတာဖြစ်ပြီး ဒီအပေါ်မှာ ကရင်လက်နက်ကိုင်တွေက ဆက်ကြေးကောက် အကျိုးအမြတ်ရရှိနေတာပါ။

ကရင်လက်နက်ကိုင်တွေက တစ်နိုင်ငံလုံးအပေါ် အကျိုးသက်ရောက်စေမဲ့ ကုန်သွယ်ရေးလမ်းကြောင်းကနေ လစဉ် သိန်း ၄၀၀၀၀ လောက် ဆက်ကြေးကောက်ရင်း အကျိုးအမြတ်ရနေချိန်မှာ လက်ငင်းငွေကုန်ရတာ စီးပွားရေးသမားနဲ့ ကုန်သည်တွေသာဖြစ်ပေမဲ့ ရေရှည်မှာ နစ်နာရတာက စားသုံးသူပြည်သူတွေပါ။ လက်တွေ့မှာလည်း ဒီလိုပိတ်ဆို့မှုကြောင့် အခြေခံကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ စျေးခေါင်ခိုက်တာ၊ ရှားပါးပြတ်လပ်တာ စတဲ့ ဒုက္ခတွေကို ပြည်သူပဲ ခါးစည်းခံစားကြရတာကြောင့် အာရှလမ်းမကြီး တရားဝင် ပြန်လည်ဖွင့်လှစ် လည်ပတ်နိုင်ရေးဟာ နိုင်ငံအဆင့် နယ်စပ်ကုန်သွယ်ရေးအတွက်သာမက သာမန်ပြည်သူတွေအတွက်လည်း အသက်ရှူထွက်ပေါက်ပမာ အရေးကြီးနေပါတယ်။

ဒါပေမဲ့လည်း ဒီလမ်းမကြီးကို ပိတ်ဆို့ပြီး ကိုယ်ကျိုးရှာနေတဲ့ ကရင်လက်နက်ကိုင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဒီလမ်းပိုင်းမှာ သူတို့ရနေတဲ့ လစဉ် သိန်း ၄၀၀၀၀ လောက်ဆိုတဲ့ ပမာဏကြောင့် “ပြည်သူသူသေသေ KNU မာရင်ပြီးရော” ဆိုသလို သူတို့ရည်မှန်းချက်က SAC အစိုးရဘက်စုံကျပ်တည်းရေးဖြစ်လို့ ပြန်ဖွင့်မပေးဘူးလို့ မီဒီယာတချို့ကို ဖြေဆိုလာတာလည်း မြင်ရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်းအတွင်း ထိုင်းနဲ့ တရုတ်စားသောက်ကုန်တွေ ပြတ်တောက်ပြီး သုံးဆမက စျေးတက်သွားရတဲ့ အဓိက တရားခံဟာ လက်နက်ကိုင်တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ ကုန်သွယ်မှုလမ်းကြောင်းဖြတ်တောက် ဆက်ကြေးကောက်တာတွေက အဓိကပါ။ ကုန်စျေးနှုန်းတက်လို့ ပြည်သူ့မပြေလည်မှုရဲ့ မြစ်ဖျားခံရာဟာလည်း လမ်းပိတ် ဆက်ကြေးကောက်ရာက တစ်လကျပ်သိန်း ၄၀၀၀၀ လောက်ရနေတဲ့ KNU လို လက်နက်ကိုင်တွေကြောင့်ဖြစ်နေရတယ်ဆိုတာကလည်း လက်ရှိကာလအခြေအနေက သက်သေပါပဲ။ တစ်ဖက်မှာလည်း KNU အဖို့ ဒီ လမ်းပိုင်းလေးတစ်ခုပိတ်ပြီး ဆက်ကြေးကောက်တာက အကျိုးအမြတ်ရသလို ဒီလို လစဥ် သိန်း ၄၀၀၀၀ ဆက်​ကြေးရတယ် ဆိုတဲ့ပမာဏကြောင့်လည်း စစ်ဆက်တိုက်ဖို့ တွန်းအားတွေဖြစ်လာပြီး စစ်ပွဲတွေကြာရှည်စေတဲ့ ဝင်ငွေရလမ်း ဆက်ဖြစ်နေသေးတာပါ။ KNU က မြဝတီလမ်းပိုင်းကနေ ဒီလို ဆက်ကြေးကောက် ကိုယ်ကျိုးရှာနေနိုင်ပေမဲ့ ကုန်စျေးနှုန်းတက်လို့ ထိခိုက်ရတဲ့ပြည်သူက စစ်ပြေးရလို့လည်း အသက်အိုးအိမ်စည်းစိမ် ပျက်သုဉ်းရပြန်ပါသေးတယ်။ ဒီလိုမျိူး နိုင်ငံနဲ့ပြည်သူ အကျိုးမဲ့ပြီး လက်နက်ကိုင်တွေချည်း စီးပွားဖြစ်နေတဲ့ ဒီစစ်ကို ဆက်ထောက်ခံနေသရွေ့တော့ အခုထက်ပိုဆိုးတဲ့ဖြစ်စဉ်တွေကို ဆက်ခံဖို့ အားမွေးထားပါဦးလို့ပဲ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ခံနေရတဲ့ပြည်သူတွေ သတိပြုမိစေရေး တင်ပြပေးရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *