October 7, 2024

၇.၁၀.၂၀၂၄
Written by K Pyay Thein

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ်ရိက္ခာဆန်နဲ့ စက်သုံးဆီပြတ်လပ်နေတဲ့ ကချင်ပြည်နယ်အတွင်းက ပူတာအိုမြို့ကို ဆန်အိတ် ၂၀ဝဝ နဲ့ စက်သုံးဆီပေပါ ၁ဝဝဝ ဝန်းကျင်ခန့် တင်ပို့နိုင်ခဲ့တယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းပူးပေါင်းကော်မတီ ( Putao ) အဖွဲ့ထံကနေ သိရပါတယ်။

“ဟိုတ‌လောက လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ပူတာအိုမှာ စားနပ်ရိက္ခာနဲ့ စက်သုံးဆီပြတ်သွားတယ်။စားစရာဆန်၊ ဆီ၊ ဆား၊ ဆေးဝါးအကုန်ပြတ်သွားတယ်။ပြီးခဲ့တဲ့လကလည်း မြစ်ကြီးနား-ပူတာအိုလမ်းမှာ မြေပြိုတယ်။ အ‌ကြောင်းအမျိုးမျိုးကြောင့် လမ်းက နှစ်ဝက်လောက်ပိတ်နေတော့ ဒီမှာ ကုန်ဈေးနှုန်းက တအားတက်သွားတယ်။ ဒေသခံတွေလည်း အခက်တွေ့တယ်။ အခု တော့ အခက်အခဲတွေကြားကနေပဲ ပူတာအိုကို ဆန်နဲ့ စက်သုံးဆီတွေရောက်ရှိပါပြီ”လို့ ဒေသခံ လူမှုကူညီရေးသမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဆန်နဲ့စက်သုံးဆီတွေဟာ ပူတာအိုမြို့ကိုရောက်ရှိနေပြီဖြစ်ပြီး စျေးနှုန်း သက်သာစွာနဲ့ ဝေးလံခေါင်ဖျားကျေးရွာတွေအထိ ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပူတာအိုမြို့မှာ ကုန်စျေးနှုန်းကျဆင်းရေးအတွက် လူမှုရေးအသင်း (၇)ခုက ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းပူးပေါင်းကော်မတီ (Putao ) အဖွဲ့က ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *