October 7, 2024

၇.၁၀.၂၀၂၄
Written by K Pyay Thein

ရေဘေးကာလအလွန်မှာ ခရီးသွားနေရာဒေသတစ်ခုဖြစ်တဲ့ ကလောမြို့ကို ခရီးသွားဧည့်သည် ၄၀ ရာခိုင်နှုန်းခန့် ပြန်လည်ဝင်ရောက်လာဖို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ခန့်မှန်းထားကြပါတယ်။

အခုလာမယ့် သီတင်းကျွတ်ကာလကစလို့ ပြည်တွင်းလည်ပတ်ကြတဲ့ ခရီးသွားတွေ ကလောမြို့ကို ပြန်လည်ဝင်ရောက်လာနိုင်ဖို့ ရှိနေတယ်လို့လည်း သူတို့က ပြောပြပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ခရီးသွားလာနိုင်တာက ဧရာဝတီ၊ ပုဂံနဲ့ ရှမ်းပြည်တောင်ပိုင်းသာရှိနေတာဖြစ်လို့ ရေဘေးလွတ်ကင်းသွားတဲ့ ကလောမြို့က သီတင်းကျွတ်ကာလ ပြည်တွင်းခရီးသွားတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက် ပြန်ဝင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

“အခုတော့ လမ်းတွေလည်း ပြန်ပွင့်ပါပြီ။ ကားတွေလည်းသွားလို့ရပါပြီ။ ရေဘေးတုန်းကတော့ ဘာမှလုပ်လို့မရဘူးပေါ့။ ခရီးသွား အတော်လေးကျသွားတယ်။ အခုတော့ ခရီးသွားတွေလာမယ်ဆို ပြန်လာလို့ရပါပြီ။ လမ်းတွေလည်းပြန်ပွင့်‌နေပြီ။ ကျွန်‌တော်တို့ မှန်းတာက လာမယ့်သီတင်းကျွတ်မှာတော့ ကလောဘက်ကို ခရီးသွားတွေပြန်ဝင်လာဖို့ မှန်းထားပါတယ်။ ၄၀ ရာခိုင်နှုန်းလောက်ခရီးသွားတွေဝင်လာဖို့ မှန်းထားပါတယ်”လို့ ကလောဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဉီးက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းကဖြစ်ပွားခဲ့တဲ့ ကလောမြို့ ရေကြီးမှုကြောင့် ရပ်ကွက်ကြီး (၂,၃,၄)တို့မှာ လူ‌နေအိမ်ပြိုကျပျက်စီး ဆုံးရှုံးမှုတွေရှိခဲ့သလို ရေဘေးကြောင့် လူသေဆုံးမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကလောမြို့ရဲ့ အထင်ကရခရီးသွားနေရာအချို့ကိုပါထိခိုက်ခဲ့ပြီး ခရီးသွားလုပ်ငန်းတွေကိုပါ ထိခိုက်ခဲ့တာဖြစ်ပါတယ်။

“ကလောကို လာလည်လို့ရပါပြီ။ ရေကြီးတဲ့နေရာနဲ့ လည်လို့ရတဲ့နေရာ တခြားစီပါ။ အခုလမ်းတွေလည်းပွင့်တော့ ပြန်လာလို့ရပါပြီ။ ရေကြီးတဲ့ရပ်ကွက်တွေမှာတော့ ပြန်လည်ထူထောင်ရေးတွေ လုပ်ရဦးမှာပါ။ ကလောမြို့ရေကြီးတော့ ဒီမြို့လေးကိုလာရောက်လည်ပတ်ဖူးတဲ့ အနယ်နယ်အရပ်ရပ်က ခရီးသွားတွေကလည်းဝိုင်းကူကြပါတယ်။ ဝိုင်းလှူကြပါတယ်”လို့ ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ‌ထပ်လောင်းပြောပြပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ တောင်ကြီး၊ အင်းလေး၊ ကလော၊ ညောင်ရွှေဒေသဟာ မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ ခရီးသွားဒေသတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ အများဆုံးလာရောက်လည်ပတ်ရာ ခရီးသွားဒေသတစ်ခုလည်းဖြစ်ပါတယ်။

Photo – CJ

#ကလောရေဘေး #ခရီးသွား #သီတင်းကျွတ်ကာလ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *